ကန်ပက်လက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုကြောင့် နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရ

ကန်ပက်လက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုကြောင့် နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲရှိ  ဆတ်ချောက်ကျေးရွာတွင်းကို  ဩဂုတ်လ ၁၃ ရက်နေ့  စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး  ၆ လသားကလေးငယ် အပါ အဝင် ဒေသခံပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ သေဆုံးတဲ့ လူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေ အားလုံးဟာ ဒေသခံပြည်သူတွေပဲ။ တိုက်ပွဲလည်း မရှိပါဘူး။ သူတို့က ပစ်ချင်လို့ကို ပစ်သွားတာပါ။ ထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ကြဲချသွားတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၃ ရက် နေ့လည် ၁ နာရီ ၄၈ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသအုပ်ချုပ်မှုနယ်မြေရှိ၊ ဆတ်ချောက်အုပ်စု၊ ဆတ်ချောက်ကျေးရွာရှိ စာသင်ကျောင်ကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၃ နှစ်အရွယ် မောင်ထန်းမနားနှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်လိုင်းလှေ့တို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပွဲချင်းပြီ သေဆုံးသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

၆ လသားအရွယ်မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၂ နှစ်အရွယ် ကလေး တစ်ဦး အပါအဝင်   ဒေသခံပြည်သူ ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ကျေးရွာအတွင်းရှိ စာသင်ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၄ လုံးတို့မှာ လုံးဝ ထိခိုက်ပျက်စီးသွားကြပြီး လူနေအိမ် ၂ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားကြောင်း သိရသည်။

ဆတ်ချောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် ဗုံး ၆ လုံးခန့်ဖြင့် အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်လာမှာကို စိုးရိမ်နေကြသည့်အတွက် ဆတ်ချောက်ကျေးရွာ ဒေသခံအားလုံးသည် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Most read this week

September 20, 2024
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်...
September 19, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့်...
September 19, 2024
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို...
September 18, 2024
အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဗဟိုအစိုးရက ဖွင့်မပေးသေးသည့်အတွက် ယနေ့ချိန်ထိ...