တကျော့ပြန်တိုက်ပွဲကြောင့် ဇရပ်ကြီး၊ ကင်မွန်းခြုံရွာအတွင်း လူ(၂၀၀)ဝန်းကျင်ပိတ်မိ၊ (၂,၀၀၀)ကျော် စစ်ရှောင်နေရ

တကျော့ပြန်တိုက်ပွဲကြောင့် ဇရပ်ကြီး၊ ကင်မွန်းခြုံရွာအတွင်း လူ(၂၀၀)ဝန်းကျင်ပိတ်မိ၊ (၂,၀၀၀)ကျော် စစ်ရှောင်နေရ

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသအတွင်း ယခုလဆန်း ပိုင်းမှအစပြုသည့် တကျော့ပြန်တိုက်ပွဲနှင့် စစ်ရေးတင်းမာနေမှုကြောင့် ကင်မွန်းခြုံကျေးရွာတွင် ဒေသခံ (၂၀၀)ဝန်းကျင် ပိတ်မိနေပြီး ရွာ(၅)ရွာရှိ လူဦးရေ(၂,၀၀၀)ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ(၅)ရက်မှ (၉)ရက်နေ့အထိ စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များ ပစ်ခတ်မှုနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားရာမှစ၍ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် ဇရပ်ကြီးဒေသအတွင်း စစ်ရေးလှုပ် ရှားမှုများ ဖြန့်ကျက်ဆောင်ရွက်လျက်ရှိသည့်အတွက် ကင်မွန်းခြုံ၊ ဒိုးတန်း၊ ပုဂံကွဲ၊ နတ်ရွာ၊ နှစ်တန့်ကူး၊ သူဌေးကုန်း အစရှိသည့်ကျေးရွာတို့မှ ဒေသခံ(၂,၀၀၀)ကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။

နှစ်ဖက်စစ်ရေးတင်းမာနေသည့်အကြား စစ်ကောင်စီက ဇရပ်ကြီး-ကင်မွန်းခြုံလမ်းကို ဖြတ်သန်း သွားလာခွင့်ပိတ်ပင်၍ ပစ်မိန့်ပေးထားသောကြောင့် ပြီးခဲ့သည့်ရက်က စစ်ရှောင်ထွက်လာပြီးမှ ကင်မွန်း ခြုံသို့ ပစ္စည်းပြန်ယူသည့် လူပေါင်း(၂၀၀)ရာဝန်းကျင်မှာ ပြန်ထွက်မလာနိုင်တော့သည့် အခြေအနေဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာကိုပြန်ပြီးပစ္စည်းယူတဲ့အဖွဲ့တွေ ပိတ်မိသွားတာ။ စစ်တပ်က စစ်ကြောင်းထိုးထားပြီး မာရှယ်လောထုတ်၊ အစစ်အဆေးမရှိ ပစ်မိန့်ပေးထားတော့ မထွက်ရဲကြဘူး။ အဲဒီလမ်းပေါ်က ကင်မွန်းခြုံ၊ရှမ်းစုမှာ အဓိက တိုက်ပွဲဖြစ်တာဆိုတော့ ဖြတ်လာလို့မရတော့ဘူးဖြစ်သွားတာ။ သွားခေါ်လို့လည်းမရဘူး။ ဇရပ်ကြီးမြို့ပေါ်ကအေးဆေးပဲ ရှောင်နေရတာက ရွာဘက်တွေပါ လူ(၂)ထောင်ကျော်တယ်” ဟု ၎င်းအမျိုးသားက ကေအိုင်စီသို့ ပြောသည်။

ယခု လဆန်းရက်ကတည်းက ဒိုးတန်းရွာနှင့် အချို့ကျေးရွာ ဒေသခံများမှာ နီးစပ်ရာဘုန်းကြီး ကျောင်းများတွင် စစ်ဘေးရှောင် ခိုလှုံနေကြခြင်းဖြစ်ပြီး ဩဂုတ်လ(၉)ရက်နေ့ တိုက်ပွဲနှင့် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုအတွင်း ဒေသခံအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ရာ အများစုမှာ ထပ်မံတိမ်းရှောင်ကြခြင်းဖြစ်သည်ဟုလည်း ဇရပ်ကြီးမြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။

နောက်ထပ် ဇရပ်ကြီးမြို့နေအမျိူးသားတစ်ဦးက “ဒိုးတန်းရွာကလူတွေကတော့ အိမ်ကိုမပြန်တော့တာ အသိအိမ်တို့ ဘုရားဝင်းတို့မှာလိုက်အိပ်တယ်။ အခုကတော့ တိုက်ပွဲဖြစ်သံမကြားရတော့ဘူး။ ဇရပ်ကြီးမြို့ပေါ်လည်း လူရှိနေသေးတယ် ဆိုင်တွေလည်းဖွင့်ထားတယ်။ ပြေးတာက ကင်မွန်းခြုံတို့ ရွှေပုဂံတို့၊ ဒိုးတန်းတို့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဇရပ်ကြီးဒေသရှိ မိမိတို့ရွာနှင့်နီးစပ်ရာတွင် ခိုလှုံနေထိုင်နေသည့် စစ်ရှောင်ဒေသခံ (၂,၀၀၀) ကျော်မှာ အရေးပေါ်စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များရှိနေကြောင်း သိရသလို ကင်မွန်းခြုံဘက် လက်ရှိအခြေအနေကြောင့် စစ်ရှောင်နေသူများ နေအိမ်မပြန်ကြရန် စစ်ဘေးရှောင်ကူညီနေသည့်အဖွဲ့က သတိပေးပြောဆိုထားသည်။

ဇရပ်ကြီးဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်က လေကြောင်းမှအကြိမ်ရေများစွာ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံများထိခိုက်သေဆုံးခဲ့ရဖူးသည်။

ထို့အတူ ဩဂုတ်လ(၉)ရက်နေ့ကလည်း စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အရပ်သား(၃)ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...