၂၀၂၃ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ကရင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချိုရရှိ

၂၀၂၃ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ကရင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချိုရရှိ

ဖန်းဖောင်ဒေးရှင်း(Phan Foundation)က ပေးအပ်သည့် ၂၀၂၃ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု (Padoh Mahn Shar Young Leader Award) ကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကရင်လူငယ်အစည်းအရုံး(KYO) အဖွဲ့ဝင် စောအဲလ်ဘတ်ချိုအား ချီးမြှင့်ကြောင်း ဖန်းဖောင်ဒေးရှင်းက ယနေ့ ထုတ်ပြန်ကြေညာသည်။

စောအဲလ်ဘတ်ချိုသည် အမျိုးမျိုးသော နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြင့် ကရင်လူငယ် အသိုင်း အဝိုင်းအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်နေသည့် လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် အဆိုပါဆုကိုပေးအပ်ခြင်းဖြစ်သည်ဟုလည်း ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆုရရှိသည်နှင့်ပတ်သက်၍ စောအဲလ်ဘတ်ချိုက “ပျော်တာပေါ့၊ ပီတိဖြစ်ပြီး ရင်လည်းခုန်တယ်။ ဆုရမယ်ဆိုတာလည်း မမျှော်လင့်ထားဘူး။ KNU ခေါင်းဆောင်၊ KYO ခေါင်းဆောင်တို့က ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံပေးလို့ ဆုရတာပါ။ ဒီဆုရလိုက်တဲ့အတွက် ယုံကြည်မှု တစ်ခုရလိုက်သလိုပါပဲ ။ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေအပေါ်မှာ ပိုပြီးတော့ ယုံကြည်မှုရှိလာတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဇာတိ၊ မြန်မာအာဏာပိုင်များ၏ ခွဲခြားဆက်ဆံခံရမှု၊ ဖိနှိပ်မှုတို့ကိုတွေ့ကြုံခဲ့ရသူ စောအဲလ်ဘတ်ချိုသည် ကရင့်အမျိုးသားရေး သမိုင်းကိုဖတ်ရှုလေ့လာရင်းဖြင့် လူမှုရေးနှင့်နိုင်ငံရေးနယ်ပယ်တွင် ကရင်လူမျိုးတို့၏ရပိုင်ခွင့်အပေါ် အလေးထား တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် ပါဝင်လာခဲ့သူ လည်းဖြစ်သည်။

“တော်လှန်ရေးမှာ လူငယ်တွေနဲ့ပူးပေါင်းပါဝင်နိုင်တဲ့အပေါ်မှာ ဆက်ပြီးတော့လှုပ်ရှားဖို့ရှိတယ်။ ဘယ်အပိုင်းမှာ လိုအပ်မှုရှိနေလဲပေါ့။ စစ်အာဏာသိမ်းတဲ့အပြင်ကို မတရားစစ်မှုထမ်းစေမှုအပေါ်မှာ လူငယ်တွေ အများကြီးရှိတယ်။ လူငယ်ဆိုတာ Resources ပါ။ သူတို့တွေကို စုဆောင်းတဲ့အခါမှ အခုလိုဆုရတော့ လူငယ်တွေကကိုယ့်ကိုပိုပြီးယုံကြည်မှု ရှိလာမယ်လို့ မြင်တယ်” ဟု စောအဲလ်ဘတ်ချိုက ပြောသည်။

စောအဲလ်ဘတ်ချိုသည် ၂၀၁၉ ခုနှစ် အရပ်သားအစိုးရလက်ထက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် အခြားကရင်တိုင်းရင်းသား ခေါင်းဆောင်၊ လူငယ်များနှင့်စုပေါင်း၍ ကရင့်အာဇာနည်နေ့အခမ်းအနား စီစဥ် ကျင်းပခြင်း၊ လူထုကိုစကားပြောဆိုခြင်းကြောင့်ဟုဆိုကာ  နှစ်ပတ်ကျော်ကြာ အင်းစိန်အကျဥ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရဖူးသည်။

၎င်းမှလွတ်မြောက်လာပြီးနောက် ညီညွတ်သောတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(UNDP)မှ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော စောအဲလ်ဘတ်ချိုမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတက်ကြွလှုပ်ရှားသည့် General Strike Committee of Nationalities (GSCN) ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာ နန့်ဘွားဘွားဖန်းက “စောအဲလ်ဘတ်ချိုရဲ့လုပ်ဆောင်ချက်အပေါ် အသိအမှတ်ပြု ထောက်ပံ့ပေးရတဲ့ ကျမတို့အနေနဲ့လည်း ပီတိဖြစ်ရပါတယ်။ သူ့လိုပဲ အံ့မခန်းလုပ်ဆောင်နေတဲ့ လူငယ်ခေါင်း ဆောင်တွေအများကြီးရှိပါတယ်။ ကျမတို့အဖေ ပဒိုမန်းရှာလားဖန်းက လူငယ်တွေကိုတန်ဖိုးထားသလို သူတို့ရဲ့ လုပ်ဆောင်မှုတွေအပေါ် ကျမတို့တန်ဖိုးထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အဆိုပါဆုအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ အမေရိကန်ဒေါ်လာ ၄၀၀၀( လေးထောင်)ဖြင့်လည်း ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သည်။ ဆုပေးအပ်ချီးမြှင့်ခြင်းအစီအစဉ်ကို လာမည့် ဩဂုတ်လ(၁၂)ရက်နေ့တွင် ကျရောက်မည့် ၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုသည် ကရင်လူမျိုးများ၏ ပညာ‌ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး၊ လူ့ အခွင့်အ ‌ရေး မြှင့်တင်ရေးနှင့် စာ‌ပေယဉ်‌ကျေးမှုကိုကာကွယ်ရေး လုပ်ဆောင်နေသည့် အနယ်နယ်အရပ်ရပ်ရှိ အသက် ၃၅ နှစ်အောက် ကရင်လူငယ်များအား ဖန်းဖောင်ဒေးရှင်းမှ နှစ်စဥ် ရွေးချယ်ဂုဏ်ပြုသည့်ဆုတစ်ခုလည်း ဖြစ်သည်။

ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်း ရှာလားဖန်းနှင့် ဇနီးနန့်ကျင်‌ရွှေတို့အား ရည်စူး၍ ကျန်ရစ်သူသားသမီးများမှ အဆိုပါ‌ဖောင်‌ဒေးရှင်းကို တည်ထောင်ပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဥ်ဆုချီးမြှင့်ခဲ့ရာ ယခု တစ်ကြိမ်အပါအဝင် ဆုရရှိသူ(၁၆)ဦးရှိလာပြီဖြစ်သည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...