စစ်အာဏာရှင်ချုပ်ငြိမ်းရေး တပ်မဟာအားလုံး တိုက်ခိုက်မယ်လို့ KNU တုံ့ပြန်

စစ်အာဏာရှင်ချုပ်ငြိမ်းရေး တပ်မဟာအားလုံး တိုက်ခိုက်မယ်လို့ KNU တုံ့ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် မိမိတို့ရဲ့ တပ်မ ဟာ အားလုံးအပါအဝင် တိုင်းရင်းသားလူမျိုးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး စုပေါင်းပြီး တိုက်ခိုက်ချေမှုန်းသွားမယ်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်က ပြောပါတယ်။

KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅ သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ကွက်အသစ် ဖော်ဆောင်နိုင်ဖို့ NU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိနေတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ဩဂုတ် ၅ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက KNU တပ်မဟာအားလုံးအနေနဲ့ စစ်တောင်းမြစ်ဝှမ်းကို အဓိကထားတာမ ဟုတ်ပဲ စစ်အာဏာရှင်တို့ရဲ့ စစ်တပ်အားလုံးကို အဓိကထားတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့ တပ်မဟာတွေအားလုံးပေ့ါနော်။ စစ်တောင်းမြစ်ဝှမ်းကိုတော့ ကျွန်တော်တို့အဓိကထားတာတော့ မဟုတ်ဘူး။ အဓိကထားတာက စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်အာဏာရှင်တွေရဲ့ စစ်တပ်အားလုံးကို ကျွန် တော်တို့အဓိကထားတာပါ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ တပ်မဟာ ၁ ၂ ၃ မကဘူး။ တပ်မဟာအားလုံး ကျန်တဲ့တိုင်းရင်းသားလူမျိုးအားလုံး ကျန်တဲ့တော်လှန်ရေးအားလုံးစုပေါင်းပြီးတော့ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ပဲ အဓိကဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဆိုပါတယ် ။

ကရင်အမျိုးသားအစည်းအရုံး KNU မှာ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာ၊ ဘားအံ စုစုပေါင်း ခရိုင် ၇ ခုနဲ့ တပ်မဟာ ၇ ခုတို့ရှိပြီး စစ်ခေါင်းဆောင် ပြောကြားသွားခဲ့တဲ့ တပ်မဟာ ၁ ၃ ၅ တို့ဟာ နေပြည်တော်နဲ့ အနီးစပ်ဆုံးနေရာမှာတည်ရှိကြတဲ့ တပ်မဟာတွေ ဖြစ်ကြပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်က သူ့ရဲ့မိန့်ခွန်းထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပေမယ့် သဘောတူချက်တွေကို ဖောက်ဖျက်လာတာကို တွေ့ရှိရတယ်လို့လည်း ဆိုထားပါသေးတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ ပတ်သက်ပြီး NCAပျက်ပြယ်သွားပြီးဆိုတာ KNU အနေနဲ့ ကြေညာချက်ထုတ်ပြန်ထားရှိပြီဖြစ်သလို NCAဟာ စစ်ကောင်စီကြောင့် ဘာမှလုပ်လို့မရတော့ဘူး ဆိုတာကိုလည်း KNU ခေါင်းဆောင်ပိုင်းတွေက ပြောဆိုခဲ့ပြီးသားဖြစ်လို့ ထွေထွေထူးထူးတော့ မတုံ့ပြန်ချင်ဘူး လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

“NCA နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ခေါင်းထဲကို မရှိတော့ဘူးပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ NCA ပျက်ပြယ်သွားပြီးဆိုတာလည်း ကျွန်တော်တို့စတိတ်မန့်ထုတ်ပြန်ထားတာရှိတယ် ။ တဖက်ကလည်း ကျန်တဲ့ KNU ခေါင်းဆောင်တွေကနေ ဒီ NCA ဆိုတာက စစ်ကောင်စီကြောင့် ဘာမှလုပ်လို့မရတော့ဘူးဆိုတာလည်း ကျွန်တော်တို့ပြောဆိုခဲ့ပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ ဒီဟာနဲ့ ပြောဆိုတဲ့စကားနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘာမှအထူးထူးတော့ မတုံ့ပြန်ချင်ပါဘူး။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းအားလုံးက အာဏာမသိမ်းသင့်ဘဲနဲ့ စစ်အုပ်စုက အာဏာသိမ်းလိုက်တဲ့ တိုင်းပြည်ရဲ့အာဏာကိုသိမ်းလိုက်တဲ့ အကျိုးဆက်ပဲလို့ ကျွန်တော်တို့ဒီလိုပဲ နားလည်ပါတယ်” လို့ ဆိုပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကလည်း စစ်တောင်မြစ်ဝှမ်းမှာ KNU နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့ဟာက ဒါကလုပ်သင့်တဲ့အရာဖြစ်ပြီး တိုက်ပွဲမဖော်ဆောင်ပါက စစ်ကောင်စီတပ်ကို အခွင့်အရေးပေးသလို ဖြစ်သွားမှာလို့ ပြောခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာအတွင်း KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၀၀၀ နီးပါး သေ ဆုံးခဲ့ပြီး ၁၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံတဝန်း ခုခံတော်လှန်စစ်တွေကြောင့် စစ်ကောင်စီတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးကနေ အစချီကာ လက်ရှိအချိန်အထိ မြို့ပေါင်း ၇၅ မြို့ထက်မနည်း လက်လွှတ်ထားရသလို စစ်တပ် စခန်းပေါင်း ၂၅၀၀ ကျော် ဆုံးရှုံးထားရပါတယ်။

Most read this week

September 23, 2024
လာမယ့် ပွင့်လင်းခြောက်သွေ့ရာသီမှာ မဟာမိတ်တွေနဲ့အတူ လှုပ်ရှားတဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ...
September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...