သတင်းမီဒီယာ အငြင်းပွားမှု ဖြေရှင်းရေး KNU နဲ့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီတို့ သဘောတူညီမှု ရရှိ

သတင်းမီဒီယာ အငြင်းပွားမှု ဖြေရှင်းရေး KNU နဲ့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီတို့ သဘောတူညီမှု ရရှိ

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM) တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့က သတင်းမီဒီယာ မူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို KNU နယ်မြေမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ KNU ဘက်က သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းနဲ့ IPCM ဘက်က သတင်းမီဒီယာကျင့်ဝတ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့အကြောင်း ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

KNU ဘက်ကတော့ သတင်းသမားတွေအနေနဲ့ သူတို့ရဲ့ထိန်းချုပ်နယ်မြေတွေထဲမှာ သတင်းရယူတဲ့အချိန်မှာ အထောက်အထား အိုင်ဒီကတ်ပြသဖို့နဲ့ သတင်းရယူမယ့် အကြောင်းအရာအချက်အလက် (Content) ခေါင်းစဉ်ကို တင်ပြဖို့ဆိုတဲ့ အချက်တွေကို ပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေးက ပြောဆိုပါတယ်။

သူက “သတင်းဌာနကတွေဘက်က စိုးရိမ်တာက Content က လွဲပြီး ကျန်တာယူလို့မရဘူးလားဆိုတဲ့အချက်ကို ပြောဆိုဆွေးနွေးခဲ့တာ ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း အဲဒီလို အချက်အလက်ခေါင်းစဉ် ပြောပြဖို့ တောင်းဆိုရတဲ့အကြောင်းအရင်းကို ပြန်လည်ပြောပြခဲ့တာမျိုး ရှိပါတယ်” လို့ ဆိုပါတယ်။

KNU အနေနဲ့ သတင်းမီဒီယာကို ထိန်းချုပ်တာမျိုးမရှိတဲ့အကြောင်း၊ ဖြစ်နိုင်သလို ခွင့်ပြုချက်တွေပေးတဲ့အကြောင်း၊ ဝိုင်းဝန်းကူညီမှုတွေလည်း ရှိတယ်လို့ ပဒို စောကလယ်စေး က တုံ့ပြန်ပါတယ်။

IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်ကတော့ အဲဒီပွဲမှာ KNU နဲ့ သတင်းမီဒီယာတွေကြား တစ်ဖက်နဲ့ တစ်ဖက် အဓိပ္ပါယ်ကောက်ယူမှုလွဲမှားနေတဲ့အချက်တွေကို ပြေလည်အောင် ဆွေးနွေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

KNU ထိန်းချုပ်နယ်မြေအတွင်းမှာ သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်တွေပေါ်ပေါက်လာပါက လုပ်ဆောင်သွားမယ့်ကိစ္စနဲ့ပတ်သက်လို့ ဦးတိုးဇော်လတ်က “တကယ်လို့ မီဒီယာဆိုင်ရာ အငြင်းပွားမှုဖြစ်လို့ရှိရင် သတင်းမီဒီယာကောင်စီ IPCM နဲ့ မီဒီယာဆိုင်ရာ ကိစ္စကို သူတို့ကညှိနှိုင်းဆောင်ရွက်သွားပါမယ်။အထူးသဖြင့် သတင်းအချက်အလက်ခေါင်းစဉ် Content နဲ့ပတ်သက်လို့ဆိုရင် အဲဒီသတင်းက မှားတယ် နစ်တာတယ်ဆိုရင် မီဒီယာကို သွားပြီး ပြဿနာမရှာဘဲ ကျနော်တို့နဲ့ ကြားခံဖြေရှင်းမယ်ဆိုတဲ့ သဘောတူညီမှုကို ရရှိခဲ့ပါတယ်” လို့ဆိုပါတယ်။

သတင်းသမားရဲ့ အိုင်ဒီကတ် တင်ပြရမှုလို အမျိုးအမည်ဖော်ပြရမယ့်ကိစ္စမျိုးတွေမှာ IPCM ရဲ့ထောက်ခံမှုပါရင် KNU ဘက်က ခွင့်ပြုပေးမယ်ဆိုတဲ့ သဘောတူညီမှုမျိုးကိုလည်း ရခဲ့ကြောင်း ဦးတိုးဇော်လတ်က ရှင်းပြပါတယ်။

အခုလို KNU နဲ့ IPCM တို့အကြား ဘယ်လိုအချက်တွေကို သဘောတူညီမှုရရှိခဲ့သလဲဆိုတာ သူ့အနေနဲ့အတိအကျမသိရှိပေမယ့် အခုလိုမျိုး မီဒီယာအဖွဲ့အစည်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြားမှာ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တာကိုတော့ ကြိုဆိုတယ်လို့ သတင်းထောက် ကိုဟန်ထူးဇော်က ပြောပါတယ်။

သူက “မြန်မာသတင်းထောက်တွေကို ကာကွယ်ပေးမယ်လို့ ယူဆရတဲ့ မီဒီယာကောင်စီနဲ့ ERO တွေ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်တယ်ဆိုတာလည်း ကောင်းတဲ့ရလဒ်တစ်ခုပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက သတင်းသမားတွေကို ဖိနှိပ်ဖို့လား မီဒီယာအခွင့်အရေးကို ကာကွယ်ဖို့လားဆိုတာတော့ရှိပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကို တကယ်ကို တင်းပြည့်ကျပ်ပြည့် ကာကွယ်ပေးနိုင်မယ်ဆိုရင်တော့ ဒီလို ထုတ်ပြန်ချက်တွေ တွေ့ဆုံမှုတွေက ကောင်းတဲ့ ရလဒ်တစ်ခုပါပဲ” လို့ဆိုပါတယ်။

ဒါ့အပြင် KNU နဲ့ IPCM တို့အကြားမီဒီယာသိနားလည်မှု မြှင့်တင်ရေးကို ရေရှည်လုပ်ငန်းအဖြစ် ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြကြောင်းလည်း သိရပါတယ်။

Most read this week

September 23, 2024
လာမယ့် ပွင့်လင်းခြောက်သွေ့ရာသီမှာ မဟာမိတ်တွေနဲ့အတူ လှုပ်ရှားတဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ...
September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...