မိုခါကယ်ဆယ်ရေးအကြောင်းပြပြီး စစ်တွေမြို့တွင် ရိက္ခာနှင့် ကုန်ပစ္စည်းများ ဆက်တိုက်ဖြည့်တင်းနေ

မိုခါကယ်ဆယ်ရေးအကြောင်းပြပြီး စစ်တွေမြို့တွင် ရိက္ခာနှင့် ကုန်ပစ္စည်းများ ဆက်တိုက်ဖြည့်တင်းနေ

ရခိုင်ပြည် ပြန်လည်ထူထောင်ရေးအတွက် ဆန်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ချိန် ၄၀၄ ဒသမ ၇၅ တန်ကို ဩဂုတ် ၂ ရက်တွင် စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၃ ရက်နေ့ စစ်ကောင်စီသတင်းစာ၏ ဖော်ပြချက်အရ လူကယ်ပြန်မှ ထောက်ပံ့သည့် ၂၄ ပြည်ဆံ့ ဆန် ၇,၈၉၇ အိတ်နှင့် ပြည်နယ်စစ်ကောင်စီက မှာယူထားသည့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီသည် ရခိုင်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပင်ထားသော်လည်း ၎င်းတို့ရုံးစိုက်ရာ စစ်တွေမြို့တွင် ဆန်၊ စက်သုံးဆီ၊ စားကုန်များ၊ ဆေးဝါးများကို “ပြန်လည်ထူထောင်ရေး” အကြောင်းပြချက်ဖြင့် ရန်ကုန်ကနေ ရေလမ်းသုံးပြီး ဖြည့်တင်းနေသည်။

အဆိုပါကုန်ပစ္စည်းများမှာ ပြည်သူများထံ အရောက်နည်းပြီး စစ်ကောင်စီတပ်ရင်းများထံ ရောက်ရှိသွားကြောင်း ဒေသခံများက ပြောသည်။

“ဘယ်လောက်ပဲပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက်လို့ ပြောပြော အခုချိန်မှာ ရိက္ခာပြတ်လပ်မှုဖြစ်အောင် သူတို့ပဲလုပ်ထားတာ။ အဲဒီလောက်ပို့ထားတယ်လို့ပြောတဲ့ ရိက္ခာတွေကို ပြည်သူတွေ မြင်တောင်မမြင်လိုက်ရဘဲ  ဘယ်ရောက်သွားလဲ” ဟု စစ်တွေမြို့ခံတစ်ဦးက မေးခွန်းထုတ်သည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းနောက်ပိုင်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက်ဟု ဆိုကာ စစ်ကောင်စီက အဆိုပါကူညီထောက်ပံ့ရေးပစ္စည်းများကို ပို့ပေးနေခြင်း ဖြစ်သည်။

မုန်တိုင်းအလွန်ကာလတွင် စစ်ကောင်စီက ပြည်သူများအား ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်မှုအချို့ကို မြင်တွေ့ခဲ့ရသော်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် အဆိုပါလုပ်ငန်းများ ရပ်တန့်နေခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီသည် ရခိုင်က မြို့နယ်(၉)ခုအထိ လက်လွှတ်ထားရပြီး အုပ်ချုပ်ရေးယန္တရားများ ပြိုလဲနေချိန်ထိလည်း ပြန်လည်ထူထောင်ရေးအကြောင်းပြကာ ရိက္ခာနှင့် ကုန်ပစ္စည်းများကို စစ်တွေမြို့သို့ ဆက်တိုက်ပို့ဆောင်ကာ စစ်ရေးအတွက် ရိက္ခာဖြည့်တင်းနေခြင်းဟု ပြောဆိုနေကြသည်။

“ ရန်ကုန်ကနေ ကုန်ပစ္စည်းတွေပို့တယ်လို့ ခဏဏသတင်းကြားတယ်။ ဒါပေမဲ့ စစ်တွေမှာ ကုန်ဈေးနှုန်းမကျဘူး။ အလုပ်ကိုင်ရှားတဲ့အတွက် ကျမတို့မှာ စားဝတ်နေရေး အဆင်မပြေဘူး။ ဒါကြောင့် ဒီပစ္စည်းတွေကို ပြည်သူတွေဆီ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု မင်းဂံရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာစစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က ကြေညာထားပြီး စစ်ကောင်စီကလည်း ခံစစ်အသင့်ပြင်ထားသည်ကို တွေ့ရသည်။

မြို့အနီးအနားမှ ဒေသခံများအား စစ်တွေမြို့ထဲသို့ အဓမ္မပြောင်းရွှေ့ကာ အဆိုပါကျေးရွာများ၌ တပ်စွဲနေထိုင်ခြင်း၊ မြို့ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်း၊ စစ်တွေမြို့နယ်နှင့်ကပ်လျက် AA ထိန်းချုပ်နယ်မြေများသို့ လက်နက်ကြီးလှမ်းပစ်ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိနေသည်။

ယင်းအပြင် လူသားဒိုင်းအဖြစ်အသုံးပြုရန် စစ်တွေမြို့အတွင်းပိတ်ဆို့ထားသော ဒေသခံများကို ဖမ်းဆီး၊ ငွေညှစ်၊ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိနေသည်။

စစ်တွေမြို့နေလူဦးရေသုံးပုံနှစ်ပုံခန့်မှာ မြို့ပေါ်တိုက်ပွဲကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသော်လည်း ကျန်မြို့ခံများမှာ လမ်းခရီးအခက်အခဲ၊ ငွေကြေးအခက်အခဲတို့ကြောင့် မြို့ပေါ်တွင် ပိတ်မိနေကြသည်။

Most read this week

September 23, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်...
September 21, 2024
ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများနှင့် နှစ်ရှည်ထောင်ဒဏ်သမားများကို...
September 20, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင်းဧရိယာ မြစ်ကမ်းစပ်တလျှောက်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့်...
September 20, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့်...