လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံ တိုက်ခိုက်ခံရ စစ်ကောင်စီ တပ်သားအများစု သေဆုံး

လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံ တိုက်ခိုက်ခံရ စစ်ကောင်စီ တပ်သားအများစု သေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၉) စစ်ကောင်စီ၏ ကုတင်၁၀၀ စစ်ဆေးရုံ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆေးကုသနေသည့် စစ်ကောင်စီ ၏ စစ်သားအများစု သေဆုံးကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့ကြား နှစ်ဘက်တိုက်ပွဲကြောင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးရှိ တပ်မတော် ကုတင် ၁၀၀ စစ်ဆေးရုံ တိုက်ခိုက်ခံရပြီး၊ ထိခိုက်သေဆုံးမှုများရှိနေကြောင်း လားရှိုးမြို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လားရှိုးဆေးရုံ တိုက်ခိုက်ခံရတာတော့ ကြားတယ်။ ဒေသခံတွေက အကုန်နီးပါးက စစ်ရှောင်ကုန်ပြီလေ။ အဲဘက်က ဖုန်းလိုင်းလဲ မရ ဆက်သွယ်လို့လဲ မရနေဘူး။ ဘယ်ဘက်က သေတာလဲ မသိရဘူး။” ဟု လားရှိုး လူမှုကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့တွင် MNDAA မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှုများရှိနေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားမှုကြောင့် ကျန်ရှိသော ဒေသခံအနည်းငယ်နှင့် အဆက်သွယ်ရရန် ခက်ခဲဖြစ်နေကြောင်း ၎င်းကဆိုသည်။

လားရှိုးမြို့ ရှိ အမှတ် (၉) တပ်မတော် ဆေးရုံ ကုတင် (၁၀၀)ကို ပြီးခဲ့သည့် နှစ်ရက် တွင် MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့ များက စတင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် ရေးသားထားသည်။

သြဂုတ် ၁ ရက်နေ့ တွင် MNDDA ဘက်က တိုက်ခိုက်ခဲ့ရာ  သြဂုတ် ၂ ရက်နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“ အဲ့စစ်ဆေးရုံမှာတော့ အရပ်သားတော့မရှိတော့ဘူး။ ဆေးရုံကို ကိုးကန့်က မနေ့ကတည်း ကတိုက်နေတာ။ ဒီမနက် အစောပိုင်းသိမ်းနိုင်ခဲ့တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ထိုစစ်ဆေးရုံသို့ ဆေးကုနေသည့် လူနာများကို လွန်ခဲ့သည့် ရက်ပိုင်းတွင် ရပခ ထဲသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း၊ ထိုစစ်ဆေးရုံတွင် တက်နေသူသည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့်စစ်ကောင်စီတပ်သားများဖြစ်ပြီး၊ စစ်သားများအများစု အသတ်ခံရကြောင်း စစ်ရေးသတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

လက်ရှိအချိန်ထိ လားရှိုးမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မီးလောင်ကျွမ်းမှုများ ရှိနေကြောင်း၊ ရမခ စစ်ဌာနချုပ် အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တွင် လားရှိုးရှိ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၇၀၀၅) သံချပ်ကာ တပ်ရင်း၊ အမှတ် (၂၄၂) စစ်လက်နက်တပ်ခွဲ၊ လားရှိုးဘူတာ၊ တပ်မတော် ဂေါက်ကွင်း တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကိုးကန့် ပူးပေါင်းတပ်က ထုတ်ပြန်ထားသည်။

သြဂုတ် ၂ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီသည် MNDAA ထိန်းချုပ်သည့် လောက်ကိုင်မြို့ ရှိ ပြည်သူ့ဆေးရုံ ကို လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Most read this week

September 23, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့်...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...