နိုင်ငံခြားသားဝင်ရောက်နေထိုင်မှုများလာသည့် ဘုရားသုံးဆူမြို့တွင် ယာဉ်စည်းကမ်းလိုက်နာရန် သတိပေးမှုတိုးလုပ်

နိုင်ငံခြားသားဝင်ရောက်နေထိုင်မှုများလာသည့် ဘုရားသုံးဆူမြို့တွင် ယာဉ်စည်းကမ်းလိုက်နာရန် သတိပေးမှုတိုးလုပ်

ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံးက အုပ်ချုပ်ရေးပိုင်းလုပ်ဆောင်ပေးနေသည့် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့၌ နိုင်ငံခြားသားများဝင်ရောက်မှုများ ရှိလာသည်နှင့်အတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းလာသည့်အတွက် သတိပေးမှုတိုးလုပ်နေသည်ဟု မြို့ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောသည်။

လက်ရှိ ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်အဖွဲ့စုံ ကားများ၊ ကုန်သွယ်ရေးကားများ၊ နယ်ခြားစောင့်တပ် BGF၊ ဒေသခံများနှင့် ဒေသတွင်းသို့ အကြောင်းစုံဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားတရုတ်လူမျိုးများတို့က ယာဉ် မျိုးစုံသုံးစွဲမှု များပြားလာကြသည်။ သို့သော် စည်းကမ်းပိုင်းလိုက်နာမှုအားနည်းလာသည့်အတွက် မြို့တွင်း၌ ယာဉ် စည်းကမ်းလိုက်နာရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူကာ အသိပေးမှုလုပ်ဆောင်လာခြင်း ဖြစ်သည်။

“ဒီမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေများတော့ ကိုင်တွယ်ရ ခက်တာကြောင့်လဲ ပါတယ်။ နောက်ပြီး တရုတ်နိုင်ငံသားတွေပေါ့၊ အခုသူတို့ကားအသုံးပြုများတယ်။ ပြီးတော့ သူတို့က နိုင်ငံကြီးကလာတော့ ဒီကလူတွေ ကိုဂရုမစိုက်ဘူး၊ ကားကို မောင်းချင်သလိုမောင်းတယ်။ ရပ်ချင်သလို ရပ်တယ်။ အဲဒါကြောင့် သူတို့ကို ရည်ညွှန်း တာလည်းပါတယ်”ဟု မြို့ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တဦးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ပညာပေးသည့်အနေဖြင့် ဆိုင်ကယ် ပါဝါအိမ်ဇောတပ်မောင်းနှင်သည့်ဆိုင်ကယ်များကို ရုံး၌ ထိန်းသိမ်းထားကာ ပါဝါအိမ်ဇောများ ဖြုတ်ခိုင်းခြင်း၊ အမှုဖြစ်ပွားက လွယ်ကူစွာ ကိုင်တွယ်နိုင်ရန် နံပါတ်ပြားမရှိ သည့် ဆိုင်ကယ်များကို နံပါတ်ပြားတပ်ဆင်ခိုင်းခြင်းစသည့် ပညာပေးများစတင် လုပ်ဆောင်နေပြီး ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

ထို့အပြင် ဘုရားသုံးဆူမြို့သည် နယ်စပ်မြို့ ဖြစ်သည့်အတွက် ဝင်ထွက်သွားလာမှုများပြားကာ ယာဉ်စည်းကမ်း မလိုက်နာသည့်သူများလာခြင်းကြောင့် ကားလမ်းပိတ်ဆို့ခြင်းနှင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ် နေကြောင်း မြို့ခံများက ပြောသည်။

“သုံးဆူမှာ ကားတွေက အသစ်၊ အဟောင်း အစုံပဲ။ မောင်းတာတွေက မတတ်တတတ်တွေပါတယ်။ ကားကို ရပ်ချင်တဲ့ နေရာမှာရပ်တယ်။ ရှုပ်တာက တကယ်ရှုပ်တယ်။ ဟိုးနေ့က ကလေးတစ်ယောက် ခြေထောက် ကား ကြိတ် မိသွားတယ်လို့ ကြားတယ်။ ကားအချင်းချင်းခဏခဏ ပွတ်တိုက်တိုက်မိတယ်။ ကြည့်လိုက်ရင် ကားအသစ် တွေမှာ ခြစ်ရာတွေနဲ့ဆိုရင် အဲဒါ တရုတ်ကားပဲလို့မှတ်ယူရတယ်”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

လက်ရှိ ဘုရားသုံးဆူမြို့၊ အုပ်ချုပ်ရေးအပိုင်းကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဆောင်ရွက်ပေးသလို မြို့လုံခြုံရေးအတွက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBAအဖွဲ့က တာဝန်ယူ ထားသည်ဟု သိရသည်။ မြို့ထဲတွင် KNU အပါအဝင် DKBA ၊ KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ)၊ မွန်ပြည်သစ်ပါတီနှင့် နယ်ခြားစောင့် တပ်BGF တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားလျက်ရှိကြောင်း မြို့ခံများက ပြောသည်။

ယခုလို မြို့ထဲရှိလက်နက်ကိုင်တပ်များ သွားလာလှုပ်ရှားမှုရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ သွားလာ လှုပ်ရှားမှု မရှိဘဲ မြို့အနီးရှိ စစ်တပ်ကုန်းဝင်းထဲ၌သာ အခြေချနေထိုင်ကြောင်း ဒေသခံထံမှ သိရသည်။

နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ထဲသို့ တရုတ်လူမျိုးများ အစုလိုက် ဝင်ရောက်နေထိုင်သွားလာမှု ရှိနေပြီး ၎င်းတို့သည် DKBA တပ်ဖွဲ့ဝင်အချို့နောက်ခံဖြင့် ဝင်ရောက်သည်ဟု သတင်းထွက်ပေါ်နေသည်။ အဆိုပါ တရုတ်လူမျိုးများသည် မြို့ပေါ် ရပ်ကွက်အတွင်း အိမ်ခြံမြေများကို ငှားခြင်း၊ ဝယ်ယူခြင်းများလည်းရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

Most read this week

September 23, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ရှိ ရေဘေးသင့်...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...