ရေဘေးသင့်သူများအတွက် ထောက်ပံ့ရိက္ခာများကို လှိုင်းဘွဲမြို့နယ်ဥက္ကဌက ပြည်သူများထံမပေးဝေ

ရေဘေးသင့်သူများအတွက် ထောက်ပံ့ရိက္ခာများကို လှိုင်းဘွဲမြို့နယ်ဥက္ကဌက ပြည်သူများထံမပေးဝေ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးချုပ်မှ လာရောက်ထောက်ပံ့သွားသည့် စားသောက်ကုန်များအား လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူးက ပြည်သူများသို့ ပေးဝေခြင်းမရှိဘဲ ၎င်းကိုယ်ပိုင်အဖြစ် သိမ်းဆည်းထားကြောင်း နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၀)ရက်နေ့က စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးနှင့်အဖွဲ့မှ လှိုင်းဘွဲမြို့နယ် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမနှင့် ကမော့ကချူးကျေးရွာရှိ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းသို့ လာရောက်၍ ရေဘေးသင့်ပြည်သူစုစုပေါင်း ၆၀၀ ကျော်အတွက် ထောက် ပံ့ရိက္ခာအဖြစ် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၁,၃၀၀,၀၀၀)သိန်းကျော်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြုလုပ်သော လကုန်အစည်းအဝေးအတွင်း ၎င်းရိက္ခာကိစ္စနှင့်ပက်သက်၍ပြောဆိုရာတွင် ခေါက်ဆွဲခြောက်မှလွဲ၍ ကျန်ရိက္ခာများမှာ ၎င်းကိုယ်ပိုင်ပစ္စည်းများဖြစ်သည်ဟုဆိုကာ သိမ်းဆည်း ထားလိုက်သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဆန်တွေဆီတွေက ပြည်နယ်အစိုးရက ချပေးတာမဟုတ်ဘူး၊ ဖော်ရှိုးလုပ်ရုံသပ်သပ်ပဲ။ သူ့ဟာတွေဆိုပြီး ပြန်သိမ်းသွားတယ်။ ဝန်ကြီးချုပ်က မားမား (ခေါက်ဆွဲခြောက်)ပဲယူလာတာဆိုတဲ့ သဘောမျိုး။ ပိုက်ဆံတွေကျတော့လည်း အောင်ဆန်းခန်းမနဲ့ကမော့ချူးစင်တာက အုပ်ချုပ်ရေးမှူးနှစ်ယောက်က သူတို့လက်မှတ်ထိုးပြီးပြီ ငွေတော့ရောက်မလာဘူးလို့ပြောတယ်။ ဒါလည်း ဦးဝင်းသန်းဆီမှာပဲရှိဖို့များတယ်။ ပိုက်ဆံတောင်းတော့ ဟိုလူဆီလိုလို ဒီလူဆီလိုလိုနဲ့” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ၏သတင်းနှင့်ပြန်ကြားရေးရုပ်သံမှတ်တမ်းအရ စောမြင့်ဦးတို့အဖွဲ့ လာရောက်စဥ်က ရိက္ခာအိတ်များရှေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည် ဟူသော စာတန်းများချိတ်ဆွဲပြသထားခြင်းဖြစ်သည်။

သို့သော် အဆိုပါရိက္ခာများမှာ အကူအညီလိုအပ်နေသော လှိုင်းဘွဲမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများထံသို့ လက်ရှိအချိန်ထိ မရောက်ရှိလာကြောင်း လှိုင်းဘွဲမြို့ခံအချို့၏ အတည်ပြုပြောစကားအရ သိရသည်။

နောက်ထပ် လှိုင်းဘွဲမြို့ခံအမျိုးသမီးတစ်ဦးကလည်း “လူကြီးလည်းပြန်သွားရော ရေဘေးဖြစ် တဲ့သူတွေကို လာပေးသွားတဲ့စားစရာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက မဝေပေးဘူး။ အစတုန်းက ပစ္စည်းတွေကို လူကြီးပြန်မှပေးမယ်ဆိုပြီးတော့ ပုံထားတာ၊ လူတွေကတော့ ဝေပေးမလားစောင့်နေ တာပေါ့။ ပြီးတော့ လူကြီးလာလို့ပုံထားတာ အဲဒါသူ့ပစ္စည်းတွေဆိုပြီး အစည်းအဝေးခေါ်ပြောတယ်လို့ ကြားတယ်” ဟု ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်တောင်ကျရေစီးကာ မြစ်ရေမြင့်တက်လာသဖြင့် ပြီးခဲ့သည့် ဇူလိုင်လ (၂၅)ရက်နေ့မှစ၍ လှိုင်းဘွဲမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း ၁၄၀ ကျော် ရေဘေးသင့်ခဲ့ရသည်။ ၎င်းရေဘေးသင့်ပြည်သူများကို အောင်ဆန်းခန်းမ၊ မြို့မဂျာမေဗလီနှင့် ကမော့ကချူးရွာရှိ ယာယီရေဘေးရှောင်စခန်းတို့တွင် နေရာချထားပေးကြောင်း မြို့နယ်ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ထို့အပြင် ရေကြီးမှုကြောင့် ကရင်ပြည်နယ်အတွင်း မြို့နယ်များရှိ လူဦးရေပေါင်း နှစ်သောင်းကျော် ရေဘေးသင့်ခဲ့ရပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၆၀ တွင် ကူညီထောက်ပံ့မှုများ ပေးထားရသည်ဟုလည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

Most read this week

September 23, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ရှိ ရေဘေးသင့်...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...