ဆီဆိုင်မြို့နယ် နေရပ်ပြန်သူများ ကြွင်းကျန် လက်နက်နှင့် မိုင်းကြောင့် သေဆုံးသူ တစ်ဒါဇင်ကျော်ရှိ

ဆီဆိုင်မြို့နယ် နေရပ်ပြန်သူများ ကြွင်းကျန် လက်နက်နှင့် မိုင်းကြောင့် သေဆုံးသူ တစ်ဒါဇင်ကျော်ရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင်များကို စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်( PNO) တို့ဖိအားပေး နေရပ်ပြန်ခိုင်းပြီးနောက် ကြွင်းကျန် စစ်လက်နက်ပစ္စည်းနှင့် မိုင်းကြောင့် သေဆုံးသူ တစ်ဒါဇင်ရှိကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ဖိအားပေးခြင်းကြောင့် ဇွန်လနောက်ဆုံးအပတ်မှစ၍  ဆီဆိုင်မြို့နယ်သို့ နေပြန်လာကြသည့်ခန့်မှန်းခြေ အရပ်သား (၃၀,၀၀၀) အထိ ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်သည့် သုတေသနစာတမ်းအရ သိရသည်။

ထိုသို့ နေရပ်ပြန်လာကြစဉ် စစ်လက်နက် အကြွင်းကျန်ပစ္စည်းများနှင့် မြေမြုပ်မိုင်းနင်းမိ ပေါက်ကွဲမှုများကြောင့် အရပ်သား တဒါဇင်ကျော်သေဆုံးပြီး တဒါဇင်ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ၎င်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။  

မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအများစုသည် ကျေးရွာနှင့် လူအများဖြတ်သန်းသွားလာ အသုံးပြုသည့် လမ်းများ၊ စားကျက်နေရာများ၊စိုက်ပျိုုးရေလုပ်သည့် တောင်ယာများတွင် အများဆုံးကြုံရသည်ဟု ပအိုဝ်းလူငယ်အစည်း PYO ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

ထို့အပြင် နေရပ်သို့ပြန်လာကြသည့် စစ်ဘေးရှောင်အများစုလည်း ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲဆဲဟု နေရပ်ပြန်သွားသည့် ဆီဆိုင်မြို့ဘုရားကျေးရွာမှ ဒေသခံတစ်ဦး ကပြောသည်။

“အခုကျနော်တို့ပြန်လာတော့ ဘာမှလုပ်စားလို့အဆင်မပြေဘူး။ ကိုယ်လည်းခြေထောက်နာနေတော့ အလုပ်မရှိတာ။ လူမှုအဖွဲ့အစည်း တစ်ခုဆီက လာပေးတဲ့ ဆန်တွေနဲ့ပဲ စားနေရတယ်” ၎င်း ကဆိုသည်။

ထိုဆီဆိုင်မြို့ဘုရားကျေးရွာမှ ဒေသခံ အမျိုးသားသည် ပြီးခဲ့သည့် ဧပြီ ၂ရက်တွင် တိုက်ပွဲဖြစ်ပွားနေသော ဆီဆိုင်မြို့သို့ ပြန်စဥ် လမ်းပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခြေထောက်ဒဏ်ရာရရှိထားသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲငြိမ်သက်နေသော်လည်း နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များသည် ပြန်လည်ထူထောင်ရေးမစနိုင်သေးကြောင်း၊ စစ်ဘေးရှောင်းများအား ဖိအားပေးနေရပ်ပြန်ခိုင်းသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO ဘက်ကလည်း ထောက်ပံ့မှုမပေးနိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူတို့ဆီကနေ ထောက်ပံ့တာလည်း မရှိဘူးဗျ။ ဒါပေမဲ့ လူမှုအသင်းအဖွဲ့တွေကတော့ နှစ်လတစ်ခါ၊ သုံးလတစ်ခါတော့ လာထောက်ပံ့တာရှိတယ်။ အခုအိမ်ကိုပြန်လာနိုင်ပေမဲ့ အရင်ကပုံစံနဲ့တော့ မတူတော့ဘူး။ နေရထိုင်ရတာလည်း အဆင်မပြေဘူး၊ စိတ်မပျော်ရွင်ဘူး။ အရင်လိုမဟုတ်တော့ ခပ်လန့်လန့်နေနေရတယ်” ဟု ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးကလည်း ထပ်လောင်းပြောသည်။

တိုက်ပွဲအတွင်း မီးလောင်ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များအား တစ်အိမ်လျှင်  မြန်မာကျပ်ငွေ ၁၀ သိန်းကျပ်ဖြင့်  စစ်ကောင်စီကထောက်ပံ့ပေးခဲ့သည်ဟု ဇွန်လက စစ်ကောင်စီမီဒီယာများကတစ်ဆင့် ပြောဆိုခဲ့သော်လည်း အမှန်တကယ် မြေပြင်တွင် စစ်ကောင်စီဘက်တော်သားများသာရကြပြီး စစ်ဘေးရှောင်များကမရကြကြောင်း ဆိုသည်။

ပအိုဝ်းလူငယ်အစည်းအရုံး PYO မှထုတ်ပြန်သော စစ်အာဏာရှင်စနစ်ဆိုး၏ မြေစာပင်စာတမ်းအရ နေရပ်သို့ ပြန်လာကြရသည့် ပြည်သူများသည် မလုံခြုံမှုများက နေတိုင်း၊ အချိန်တိုင်းတွင် ဖြစ်ပေါ်နေပြီး မလုံခြုံမှုအခြေအနေများကြောင့် သေဆုံးခဲ့ရသည့် အသက်အရွယ်ပေါင်းစုံအရပ်သား ၉၆ ယောက်ရှိသည်ဟု ဖော်ပြထားသည်။

အလားတူ ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာသွားသည့် အရပ်သား ၁၄၂ ယောက်နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရသည့်  အရပ်သားဦးရေမှာ အများအပြားရှိနေကြောင်း ဖော်ပြထားသည်။

Most read this week

September 23, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့်...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...