ကျောက်မဲ စစ်ကောင်စီတပ်ကို လက်နက်ချဖို့ TNLA ဖိအားပေးတိုက်ခိုက်နေ

ကျောက်မဲ စစ်ကောင်စီတပ်ကို လက်နက်ချဖို့ TNLA ဖိအားပေးတိုက်ခိုက်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများ လက်နက်ချရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖိအားပေး တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှ စတင်ပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-(၁)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၁)၊ (၅၀၂) တို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တစ်လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ အပြီးသတ် သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်ကို လက်နက်ချအညံ့ခံရန် TNLA မှ ဆက်လက်ဖိအားပေး တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကျောက်မဲကတော့ ဆက်တိုက်နေတာ ဟုတ်တယ်။ တစ်ဘက်ကလည်း စစ်တပ်ကို လက်နက်ချ အညံ့ခံဖို့ TNLA ဘက်က ညှိနှိုင်းနေတယ်လို့လည်း ကြားတယ်။ ရပ်စောက်ဘက်က အင်အားဖြည့်လာတဲ့ စစ်ကြောင်းလည်း နောင်ပိန်လေးကနေ မြို့ထဲ မဝင်ရသေးခင် TNLA ဝင်တိုက်လို့ ဖွဲ့စည်းပုံ ပျက်သွားတယ်။ အခု တိုက်နေတာက နတ်တောင်ဘက်မှာ”ဟု ကျောက်မဲမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လ (၂၉) ရက်တွင် ကျောက်မဲမြို့ စစ်ကောင်စီတပ် ခမရ (၅၀၂) တပ်စခန်းမှ မာန်အောင်ဘုန်းကြီးကျောင်းဘက်သို့ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် အလုံး(၃၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

အလားတူ ဇူလိုင်လ (၃၀) ရက်တွင် ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ စကခ-(၁)၊ ခမရ-(၅၀၁)၊ (၅၀၂) ရှိ လွယ်ခွင်တောင်နှင့် တာဝါတိုင်စခန်းကုန်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ပွဲဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်၏ သေနတ် (၃၇) လက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့ရှိ ခလရ- (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ လာရောက်ပို့ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း TNLA ဘက်မှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်မှ (၂၂) ရက်အထိ TNLA ၊ ကျောက်မဲခရိုင် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းလာသည့် တပ်မ (၁၁) လက်အောက်ခံ ခလရ-၂၀၂/၂၀၃ တို့ နမ့်စစ်လင်းဘုန်းကြီးကျောင်းနှင့် အေးရှားဝေါ တိုးဂိတ်ဘက်တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် MA1 (၂၆) လက်၊ MA3(၁၆)လက်၊ MA4(၄)လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး (၁)လက်၊ 45MM (၂)လက် 120MM (၁)လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅) လက် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း (၅၄) လောင်းနှင့် စစ်သုံ့ပန်း (၄၀) ဦးတို့ပါ ဖမ်းဆီးရမိခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲကာလ တစ်လကျော်အတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများအပြင် သေနတ်ပစ်ခတ်ခံရမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု (၁၀၀) နီးပါးအထိ မြှင့်တက်လာကြောင်း ကျောက်မဲမြို့ဒေသခံများထံမှ သိရသည်။

Most read this week

September 23, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့်...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...