သံဖြူဇရပ် – ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်စိုးမိုးရေး စစ်ကောင်စီကြိုးပမ်း

သံဖြူဇရပ် – ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်စိုးမိုးရေး စစ်ကောင်စီကြိုးပမ်း

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ သံဖြူဇရပ် – ရေး – ထားဝယ်လမ်းပိုင်းကို အပြည့်အဝ ပြန်လည်စိုးမိုးနိုင်ရေး စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ကြိုးပမ်းလာနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေအပါအဝင် ပြန်လည်ရုတ်သိမ်းခဲ့တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းက စစ်သားတွေနဲ့ တပ်သားဟောင်းတွေကို ပေါင်းပြီး သံဖြူဇရပ် – ရေး – ထားဝယ်လမ်းပိုင်းအထိ အင်အားဖြန့်ခွဲကာ လှုပ်ရှားလာနေတာပါ။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ရေးတပ်နယ်မှာ စစ်ကောင်စီ လက်နက်တပ်ဆင်ပေးခဲ့တဲ့ အင်အား ၇၀ ရှိတဲ့ အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့လည်း အဲဒီလှုပ်ရှားမှုမှာပါဝင်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။

ရေးတောင်ပိုင်းအခြေစိုက် မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ရေးတောင်ပိုင်းနဲ့ ရေဖြူဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းလေးကြောင်းနဲ့ လှုပ်ရှားနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိ စစ်ကောင်စီအနေနဲ့က ရေးတောင်ဘက်မှာ သူတို့စစ်ကြောင်းလေးကြောင်းနဲ့ လှုပ်ရှားနေတာရှိတယ်။ အသစ်ရောက်လာတဲ့ စစ်မှုမထမ်းမနေရ အမှတ်စဉ် ၁ သင်တန်းဆင်းအသစ်တွေနဲ့ စစ်ကြောင်းလေးကြောင်းကို လူဟောင်းတွေနဲ့ပေါင်းပြီး ဖွဲ့ထားတာရှိတယ်။ အဲဒါပြီးတော့ ရေးတောင်နဲ့ ရေဖြူမြောက်ဘက်ခြမ်းကို အဓိကလှုပ်ရှားနေတာ ရှိပါတယ်”လို့ ဆိုပါတယ်။

ရေးမြို့နယ် မြောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ တပ်ရင်းအခြေစိုက်စခန်းတွေနဲ့ တံတားအရှည်တွေ ရှိတဲ့နေရာတွေမှာ ဗျူဟာကျတဲ့ ခံကတုတ်ကျင်းတွေ၊ ဘန်ကာတွေကို ရှေ့ထုတ်ပြီး ကာကင်းပုံစံ ပြုလုပ်လာနေတာပါ။

ဒါ့အပြင် ရေးတောင်ပိုင်းမှာလည်း စစ်ရေးတင်းမာလာတဲ့အတွက် ရေး-ထားဝယ်ကားလမ်းတလျှောက် ဗျူဟာကျတဲ့တောင်ကုန်းတွေပေါ်မှာ စစ်စခန်းငယ်တွေ ခိုင်ခိုင်မာမာ တည်ဆောက်လာတယ်လို့ နိုင်နဂါးက ပြောပြပါတယ်။

ရေးဒေသခံတစ်ဦးကတော့ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းရှိ ဝဲခမိ၊ ရွာသာအေး၊ ဘေးလမိုင်း၊ နှစ်ကရင်လမ်းဝနဲ့ ကွမ်ကျိုက်စတဲ့ကျေးရွာတွေကိုဖြတ်တဲ့ လမ်းမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လတ်တလောမှာ သံဖြူဇရပ်ကနေ ရေးမြို့အထိ ကားလမ်းအပြည့်မဟုတ်ပေမယ့် စစ်ကောင်စီတပ်တွေ စစ်ယူနီဖောင်းဝတ်ပြီး တစ်နေရာအယောက် ၃၀ ကနေ ၄၀ လောက် ရှိတယ်လို့ အဲဒီ ဒေသခံက ဆက်ပြောပါတယ်။

“လောလောဆယ်ကတော့ ရေးမြို့နယ်အစကနေပြီးတော့ သံဖြူဇရပ်ဘက်ခြမ်း သူတို့ (စကစ) ရှိနေတယ်။ ဒါပေမယ့် (သံဖြူဇရပ် – ရေး ကားလမ်းတစ်လျှောက်အထိ) မပြည့်သေးဘူး၊ နေရာနည်းနည်းပါးပါး လွတ်တာပေါ့။ ကားတော့ တားတာပေါ့၊ တစ်ခါတလေကျတော့ ဖုန်းတို့ဘာတို့ နည်းနည်းစစ်တယ်။ တစ်ခါတလေကျတော့ မစစ်ဘူးပေါ့။ တစ်နေရာမှာ အနည်းဆုံး ၃၀/၄၀ အဲဒီလိုမျိုး”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကြောင့် ဇူလိုင်တတိယပတ်ကစပြီး သံဖြူဇရပ်က ကျေးရွာတချို့အပါ အဝင် ရေးကမော့ကနင်၊ ကနင်ကမော့နဲ့ လိမ္မာခြံကျေးရွာအထိ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။

ဇူလိုင် ၂၉ ရက်နေ့က သံဖြူဇရပ်မြို့ နယ် ဝဲခမိကျေးရွာနဲ့ ရွာသာအေးကျေးရွာကြား အမှတ် ၈ ပြည် ထောင်စုလမ်းမပေါ်မှာ တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့ပါတယ်။

အဲဒီအတွက်ကြောင့် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နာရီဝက်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းကနေ သိရပါတယ်။

အလားတူ ဇူလိုင် ၂၉ ရက်နေ့မှာပဲ ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးအင်အားစုတို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားပြည်သူနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးတာပါ။

နိုင်နဂါးကတော့ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုဟာ စစ်မှုထမ်းသင်တန်းဆင်းတွေကို နယ်မြေထိတွေ့မှု ကျွမ်းကျင်ဖို့နဲ့ အမှတ် ၈ ပြည်‌ထောင်စုလမ်းမကြီးကို ပြန်ထိန်းချုပ်တာလို့ သူ့အမြင်ကို ပြောပါတယ်။

“သူတို့ရဲ့ လှုပ်ရှားမှုက ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် ၂ ချက် ရှိပါတယ်။ တစ်ချက်က အ သစ်သင်တန်းဆင်းလာတဲ့ စစ်သားတွေကို အတွေ့အကြုံရှိဖို့နဲ့ နောက်တစ်ချက်က နယ်မြေရှင်းလင်းရေးနဲ့ နယ်မြေထိတွေ့မှု ကျွမ်းကျင်ဖို့ဆိုတဲ့ အဓိကရည်ရွယ်ချက်နှစ်ခု ရှိတယ်လို့သိတယ်။ နောက် ပြီးတော့ ကျွန်တော်တို့ ဆုတ်ပေးလိုက်ရတဲ့ အမှတ် ၈ လမ်းမကြီး ရေး-ထားဝယ်လမ်းမကြီးကို သူတို့ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ လှုပ်ရှားတယ်လို့ ယူဆတယ်”လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုးထားတဲ့ သံဖြူဇရပ် – ရေး – ထားဝယ်လမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ရင် ခရီးမသွားကြဖို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

ရာမညအင်စတီကျူ သုတေသနအဖွဲ့ RICE ရဲ့ လေ့လာချက်အရ သံဖြူဇရပ် – ရေး လမ်းပိုင်းကို ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ KNLA နဲ့ တောင်ညိုစစ်ကြောင်းပူးပေါင်းအဖွဲ့တို့က ထိန်းချုပ်ထားတာပါ။

ရေး – ရေဖြူလမ်းပိုင်းကိုတော့ မွန်ပြည်သစ် AD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာ ကွယ်ရေးတပ် MSDF နဲ့ ဒေါနစစ်ကြောင်းပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ RICE ရဲ့ အ ပတ်စဉ် သုံးသပ်ချက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Most read this week

September 23, 2024
လာမယ့် ပွင့်လင်းခြောက်သွေ့ရာသီမှာ မဟာမိတ်တွေနဲ့အတူ လှုပ်ရှားတဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ...
September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...