ဝန်ထမ်းတွေကို လစဉ်အပိုခံစားခွင့် ကျပ် ၃ သောင်း ထောက်ပံ့ပေးသွားမယ်လို့ စစ်ကောင်စီထုတ်ပြန်

ဝန်ထမ်းတွေကို လစဉ်အပိုခံစားခွင့် ကျပ် ၃ သောင်း ထောက်ပံ့ပေးသွားမယ်လို့ စစ်ကောင်စီထုတ်ပြန်

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (Non-CDM)တွေရဲ့ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး လာမယ့် ဩဂုတ်လအတွင်း ၀န်ထမ်းတစ်ဦးလျှင် အပိုထောက်ပံ့ကြေး ကျပ်ငွေ ၃ သောင်းကို ထောက်ပံ့ပေးသွားမယ်လို့ ဇူလိုင်လ ၂၆ရက်နေ့မှာ စစ်ကောင်စီရဲ့ သတင်း မီဒီယာတွေက ဖော်ပြပါတယ်။

စစ်ကောင်စီကနေ ၀န်ထမ်းတွေကို ထောက်ပံ့ကြေးတွေ ထပ်ပေးနေတာဟာ သူတို့ရဲ့ လူအင်အားတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောဆိုပါတယ်။

“လက်ရှိအချိန်မှာတော့ စစ်ကောင်စီက သူတို့ ကဏ္ဍ ၃ ခုနဲ့ သူတို့ရုန်းနေတာပေါ့နော်။ အဲ့ဒီဟာကို ထိန်းချုပ်နိုင်ဖို့ CDMတွေပြောပြော၊ Non- CDMပြောပြော ပိုပြီး ပြန်ဖမ်းတယ်လို့ ပြောလို့ ရတာပေါ့နော်။ ဒါမှမဟုတ် သူတို့ လူအင်အားကို ပြန်ဖြည့်တယ်လို့ ပြောလို့ရတာပေါ့နော်”လို့ ဦးဗညားက သုံးသပ်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီကနေပြီး CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ ၊ အမည် မည်းစာရင်း (Black Lists) ပါနေသူ တွေကို ဖြေလျှော့ပေးမယ်လို့ ထုတ်ပြန်ထားတာပါ။

ယခင်ကျန်းမာရေးဌာနမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ CDM အမျိုးသမီး ဝန်ထမ်းတစ်ဦးကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို မကြိုက်တာကြောင့် ထောက်ပံ့ကြေး ဘယ်လောက်ပဲပေးပေး Non- CDM ပြန်လုပ်မှာမဟုတ်ဘူးလို့ ‌‌ပြောပါတယ်။

“သူတို့ဘယ်လောက်ပဲ မျှားခေါ်ခေါ် သူတို့ဟာကို စိတ်မဝင်စားဘူး။ CDM သမားမှန်ရင်တော့ သူတို့ ဘယ်လောက်ပဲ ထုတ်ပြန်ချက် တင်တင် ပြန်ဝင်မည့်သူတော့ မဟုတ်ဘူး။ သူတို့လက်အောက်မှာတော့ ဘယ်လိုမှ အလုပ်မလုပ်ချင်ဘူး။ ဘယ်လောက်ပဲ မျှားခေါ်ပါစေ ဘယ်လောက်ပဲ ပြည့်စုံအောင်ထားပေးမယ်လို့ ပြောပါစေ စိတ်မဝင်စားဘူးပေါ့နော်။ အဓိကအကြောင်းရင်းကတော့ သူတို့အုပ်ချုပ်တဲ့ ယန္တရားကို မကြိုက်လို့ အဲ့ဒါပါပဲ”လို့ CDM တစ်ဦးကဆိုပါတယ်။

ဒါတွေအပြင် စစ်ကောင်စီက လစဉ်ထောက်ပံ့ပေးတဲ့ ငွေကြေးပမာဏဟာ လက်ရှိကုန်ဈေးနှုန်း မြှင့်တက်တာနဲ့ အဖတ်တင်မှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ အုပ်ချုပ်ရေးတွေအပြင် စစ်ရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ အမြန်ဆုံး ပြန်လည်ပတ်နိုင်မယ့် နည်းလမ်းအနေနဲ့ CDM ဝန်ထမ်းတွေကိုပါ ပြန်လည်ခေါ်ယူတာ ဖြစ်နိုင်တယ်လို့ ဦးဗညားက အခုလိုဆက်ပြောပါတယ်။

“သေချာတာတစ်ခုကတော့ စစ်ရေးမှာလည်း ရှုံးတယ်၊၊ အုပ်ချုပ်ရေးမှာ အရေးပေါ်လုပ်ဖို့အတွက် ခေါ်တယ်။ တကယ်လည်း စီးပွားရေးမှာလည်း လက်တွေ့ မလုပ်နိုင်တော့ဘူး‌ပေါ့နော်။ ဆိုတော့ စီးပွားရေး တအားကျတဲ့ အချိန်မှာ စောနပြောသလို ကျောင်းတွေ ဝန်ထမ်းအသစ်တွေကို သူတို့ ပြန်မွေး ထုတ်ချင်တ‌ယ်။ အဲ့ကြောင့်မို့ စီးပွားရေး ကဏ္ဍမှာအများကြီး ပိုက်ဆံတွေ အများကြီးသုံးမယ့်အစား လူတွေကိုပဲ အလွယ်ကူဆုံးပေါ့နော်။ သေချာတာတစ်ခုကတော့ ဝန်ထမ်းတစ်ဦးမွေးထုတ်ဖို့က အနည်းဆုံး ၄/၅နှစ်ကြာတာပေါ့နော် ကုန်ကျစရိတ်အရမ်းများတယ်။ အဲ့ဒီဟာကို လက်ငင်းသုံးချင်တော့ CDM/ Non CDMတွေကို ပြန်ပြီးမြူဆွယ်တာက သူတို့အတွက် အမြန်ဆုံးဖြစ်မှာပေါ့”လို့ ဦးဗညားကဆိုပါတယ်။

အဆိုပါ စစ်ကောင်စီကပေးမယ့် အပိုထောက်ပံ့ကြေးခံစားခွင့်ကို လက်ရှိစစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ အပြင် အငြိမ်းစားဝန်ထမ်းတွေလည်း ခံစားရရှိမှာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်း ၅၈၀၀ ဝန်းကျင် အကြမ်းမဖက်အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ CDM ကော်မတီက ကောက်ယူထားတဲ့ စာရင်းအရ သိရ ပါတယ်။

Most read this week

September 23, 2024
ကရင်နီပြည်တွင်းမှာ အွန်လိုင်းလောင်းကစားပြုလုပ်သူတွေကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
September 23, 2024
စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကရင်နီပြည်  ဘောလခဲမြို့မှာ ရေဘေးသင့်ပြည်သူတွေကို...
September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...