စစ်မှုထမ်းဥပဒေ ရှောင်လွှဲသည့် လူငယ်များ BGF ထံဝင်ရောက်မှု များပြားဟု တာဝန်ရှိသူပြော

စစ်မှုထမ်းဥပဒေ ရှောင်လွှဲသည့် လူငယ်များ BGF ထံဝင်ရောက်မှု များပြားဟု တာဝန်ရှိသူပြော

အာဏာသိမ်း စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကိုရှောင်လွှဲရန် အနယ်နယ်အရပ်ရပ်ရှိ လူငယ်လူရွယ်အများ သည် ကရင်ပြည်နယ်၊ နယ်ခြားစာင့်တပ်-BGF တပ်ဖွဲ့ထံ ဝင်ရောက်မှု များပြားလျက်ရှိသည်ဟု BGF တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ကရင်ပြည်နယ်အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ လူငယ်အများအပြားသည် BGF တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်စစ်မှုထမ်းသူအရေအတွက် များပြားလာကြောင်း BGF တပ်နယ်- ၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။

“ကလေးတွေက ပုံမှန်ပဲလာကြတယ်။ အချို့က မြို့ထဲမှာနေတာ စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းတာ သူတို့ မလုပ်ချင်လို့ လာကြတာပေါ့။ ဧရာဝတီတိုင်းက ကရင်ကလေးတွေကော၊ ဗမာကလေးတွေလည်း လာကြ တယ်။ အခြားအဖွဲ့အစည်းတွေမှာလည်း ဝင်ကြပါတယ်။ ဒါပေမယ့် BGF ထဲဝင်တာက ရာခိုင်နှုန်း များတယ်ပေါ့ နော်။ အခု BGF အခြေအနေကလည်း ဘယ်ဖက်မှမပါတော့ သူတို့အတွက်လည်း လာရောက်ခို လှုံရတာ လုံခြုံတယ်လို့ ယူဆကြတဲ့အတွက် လာကြတာပေါ့နော်။”ဟု ပြောသည်။

ထို့အတူ ကရင်ပြည်နယ်၊ ဖားအံ၊ ကျုံဒိုးနှင့် လှိုင်းဘွဲမြို့နယ်ရှိ လူငယ်များလည်း စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေကို ရှောင်လွှဲရန် BGF တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး ရပ်ရွာအတွင်းနေထိုင်သူ အများအပြားရှိ လာနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

“ကျုံဒိုး /ချောင်းဖျား၊ ကွက်သစ်တို့က လူငယ်တွေအခုတလော BGF ထဲ သွားဝင်ကြတာ များလာတယ်။ စစ်တပ်က စစ်သားစုနေတာကိုရှောင်တာလည်း တစ်ပိုင်းပေါ့၊ အလုပ်မရှိအကိုင်မရှိတော့ BGF က လစာကောင်းတယ်လေ၊ ရှေ့တန်း မထွက်ရဘဲ ရွာလုံခြုံရေး၊ လမ်းလုံခြုံရေး စောင့်ရင်း ရွာမှာပဲ နေလို့ရတယ်ဆိုတော့ ဝင်ကြတာ များ တယ်။” ဟု ကျုံဒိုးကွက်သစ်တွင်နေထိုင်သည့် BGF တပ်ဖွဲ့ဝင် လူငယ်တစ်ဦး၏ မိသားစုဝင်က ပြောသည်။

အဆိုပါ ဝင်ရောက်စစ်မှုထမ်းသည့် လူငယ်လူရွယ်များကို ဖားအံဇွဲကပင်တောင်ခြေ BGF တပ်ဖွဲ့ ပိုင်ဟို တယ်ဝင်းနေရာ ၊ မြိုင်ကြီးငူပန်းတော်မှီ BGF တပ်ရင်းနေရာ၊ ရွှေကုက္ကိုလ် BGF တပ်ရင်းနေရာများတွင် စစ်သင်ပေး မှုများရှိနေသည်ဟု BGF ခေါင်းဆောင်များနှင့် နီးစပ်သူများက ပြောသည်။

၎င်းလူငယ်များအား အခြေခံလစာအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၃၀၀၀ မှ ၅၀၀၀ အထိ ထောက်ပံ့ပေးလျက်ရှိသည်ဟု အမည်မဖော်လိုသူ BGF တပ်ဖွဲ့တာဝန်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်က စစ်ကောင်စီလက်အာက်ခံ BGF-နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်မှ ရပ်နားပြီး ကရင်အမျိုးသားတပ်မတော်- KNA အဖြစ် ပြည်နယ်ငြိမ်းချမ်ရေးကို လုပ်ဆောင်မည်ဟု အဖွဲ့ခေါင်းဆောင်များက ထုတ်ဖော်ပြောကြားခဲ့သေးသည်။

သို့သော် ဧပြီလအတွင်း မြဝတီမြို့ စစ်ကောင်စီတပ်များ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်တပ်နှင့် ပြန် လည်ပူးပေါင်းပြီး ဖားအံ၊ လှိုင်းဘွဲ နှင့် မြဝတီ ၊ ကျုံဒိုး မြို့များတွင် မြို့ တွင်း/မြို့ပြင် ကာကင်းစခန်းများ စစ်ဆေး ရေး ဂိတ်များဖြင့် မြို့ရွာ လုံခြုံရေး /စစ်ရေး တိုးမြှင့် လုပ်ဆောင်မှုများ ရှိနေကြောင်း သိရှိရသည်။

နယ်ခြား‌စောင့်တပ်(BGF)အဖွဲ့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ‌ခေါင်း‌ဆောင်အချို့နှင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့-KPF (ဟောင်သရောအထူးဒေသ)တို့က ၂၀၁ဝ ခုနှစ်တွင် စစ်တပ် လက်အောက်ခံ အစိတ်အပိုင်းတစ်ခုအဖြစ် အမှတ်(၁၀၁၁)မှ (၁၀၂၃)အထိ စုစု‌ပေါင်း တပ်ရင်း ၁၃ရင်းနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တပ်ဖွဲ့ဝင်အင်အား ၇၀၀ဝ ခန့်ရှိသည်ဟု လေ့လာသူများက ခန့်မှန်း ပြောဆိုကြသည်

Most read this week

September 24, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ကြားရာ၌...
September 23, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ရှိ ရေဘေးသင့်...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...