မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုမြင့်တက်လာ

မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုမြင့်တက်လာ

မွန်ပြည်နယ်မှာ အခုနှစ်အတွင်း စစ်ကောင်စီဟာ အရပ်သားတွေအပေါ် ဦးတည်ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ တိုက်ပွဲအတွင်း ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ် စက်သတ်ဖြတ်တာ၊ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုတွေ ဆက်တိုက်ကျူးလွန်နေတာပါ။

အထူးသဖြင့် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရောနဲ့ ရေးမြို့နယ်တွေမှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုပြုလုပ်တာပါ။

အဲဒီထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က တိုက်ပွဲမရှိဘဲ ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူအများအ ပြားရှိခဲ့ကာ ဒီဖြစ်စဉ်ဟာ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ရှိ ပျဉ်းကတိုးကုန်ကျေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သလို သိမ်ဇရပ်မှာ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တာပါ။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂမ်ဒါရိုက်တာ နိုင်အဲမွန်က စစ်ကောင်စီရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်ချိုးဖောက်မှု ပုံစံမျိုးဖြစ်လာပြီး လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ အမြင့်ဆုံးသို့ ရောက်ရှိလာတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ သိတဲ့အတိုင်းပေါ့နော်။ စကစကသူ့ရဲ့ တပ်တွေနဲ့ သတ်မှတ်ဧရိယာတွေမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ဆက်တိုက်လုပ်နေတယ်။ နောက်ပိုင်းဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင် ဒီချိုးဖောက်မှုတွေက လူသားမျိုးနွယ်တွေအပေါ်ကို ကျူးလွန်တဲ့ ချိုးဖောက်မှုပုံစံကြီး ဖြစ်လာတယ်။ အရမ်းကိုကြမ်းပြလိုက်မယ်။ အဆုံးထိကြောက်အောင် လုပ်ချလိုက်မယ်ဆိုတဲ့ ဗျူဟာကိုသုံးနေတာ အခုက။ အမြင့်ဆုံးပဲ ဒီချိုးဖောက်မှုကလေ။ ကျွန်တော်တို့ မှတ်တမ်းတင်လုပ်ငန်းလုပ်နေတဲ့ နှစ်၂၀ /၂၅ နှစ်ကာလမှာ ဒီထက်မြင့်တဲ့ ဒီထက်ရက်စက်ကြမ်းကြုတ်တဲ့ ဒီထက်လူမဆန်တဲ့ကိစ္စမျိုး ကျွန် တော်တို့ မတွေ့ဖူးဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတာကြောင့် လူ့အခွင့်အ ရေးချိုးဖောက်မှုတွေ အစွန်းဆုံးထိ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထား နေ ထိုင်ဖို့ လိုအပ်တယ်လို့ သူကတိုက်တွန်းတာပါ။

လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ အခုနှစ်ဇန်နဝါရီလကနေ ဇွန်လထိ ခြောက်လအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကြောင့် အရပ်သား ၇၂ ဦး သေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲမှာ ကလေးငယ်ပါဝင်မှု ၁၅ ရာခိုင်နှုန်း ရှိလာခဲ့တာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက ဒေသခံအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာ၊ မတရားဖမ်းဆီးတာ၊ ပြည်သူပိုင်နေအိမ်တွေရှိ တန်ဖိုးရှိ ပစ္စ ည်းတွေကို ဖောက်ထွင်းခိုးယူတာ၊ မီးရှို့ဖျက်ဆီးတာတွေလည်း ကျုးလွန်နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဇွန် ၁၀ ရက်နေ့ထုတ် အစီရင်ခံ စာအရ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေနဲ့အတူ စစ်ကောင်စီရ့ လူ့အခွင်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ စစ်ရှောင်ဒုက္ခသည် ၃ သန်းကျော်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ သိရပါတယ်။

Most read this week

November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...
ဓာတ်ပုံ-CJ
November 12, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန်...