တိုက်ပွဲဖြစ်မည့်ကောလာဟလကြောင့် ကရင်နှင့်ပဲခူးနယ်စပ် ကျေးရွာအချို့မှ ဒေသခံများ ပြောင်းရွှေ့နေရ

တိုက်ပွဲဖြစ်မည့်ကောလာဟလကြောင့် ကရင်နှင့်ပဲခူးနယ်စပ် ကျေးရွာအချို့မှ ဒေသခံများ ပြောင်းရွှေ့နေရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တို့မှ ကျေးရွာ အချို့တွင် တိုက်ပွဲဖြစ်ပွားမည်ဖြစ်သဖြင့် ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရန် ကောလဟလများ ပေါ်ထွက်လာပြီးနောက်‌ ဒေသခံများ ပြောင်းရွှေ့နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

သံတောင်ကြီးမြို့နယ်၊ သပြေညွှန့်ကျေးရွာ၊ ထန်းတပင်မြို့နယ် ကျောက်ကြီးပေါက်၊ မဲဖလံ၊ တလန်းအိုင်၊ ဘုမ္မတီး အစရှိသည့်ကျေးရွာမှ ပြည်သူများ တိုက်ပွဲဖြစ်ပွားမည်ဖြစ်သဖြင့် ဇူလိုင်လ(၂၂)ရက်နေ့မှစ၍ ပြောင်းရွှေ့ကြရန် ဟူသော ကောလာဟလကြောင့် အချို့ကျေးရွာမှ ဒေသခံများမှာ တောင်ငူမြို့ပေါ်နှင့် ဘေးလွတ်ကင်းနိုင်မည့်နေရာများသို့ ပြောင်းရွှေ့နေကြသည်ဟု သပြေညွှန့်ရွာမှပြောင်းရွှေ့လာသော မိသားစုနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“(၃)ရက်အတွင်းမှာ ဒါမှမဟုတ် (၅)ရက်ပေါ့၊ အဲဒီအတွင်းမှာရွှေ့ပေးဖို့ဆိုပြီးပြောတယ်လို့ ဇရပ်ကြီးကိုရောက်နေတဲ့မိသားစုက ပြောတာ။ ရွာသားတချို့ကတော့ ရွှေ့ခိုင်းတဲ့ သတင်းကြားပြီးရွှေ့ကြတယ်။ သူတို့ကတစ်နေရာထဲ အတိအကျရွှေ့တာတော့မဟုတ်ဘူး ။ တချို့ကတောင်ငူ၊ တချို့က ကိုယ်နဲ့နီးစပ်ရာတောထဲတွေပေါ့။ ဘယ်အဖွဲ့က ရွှေ့ခိုင်းလို့ရွှေ့ခိုင်းတာမှန်းလဲမသိဘူး။” ဟု အဆိုပါအမျိုးသားက ကေအိုင်စီသို့ ပြောသည်။

၎င်းအနက် မဲဖလံနှင့်ကျောက်ကြီးပေါက်ကျေးရွာမှ ဒေသခံပြည်သူအချို့မှာ တိုက်ပွဲကြောင့် ရွှေ့ပြောင်းခိုင်းသည့် သတင်းကိုမသိရှိရကြောင်းနှင့် လက်ရှိကျေးရွာအတွင်း မည်သည့်ဒေသခံမှ ရွှေ့ပြောင်းခြင်းမရှိကြကြောင်း သိရပြီး တောင်ငူမြို့သို့ပြောင်းရွှေ့လာသူများအား မြို့အခြေစိုက် ပရဟိတအဖွဲ့က လက်ခံအကူအညီပေးနေကြောင်းလည်း ထိုအဖွဲ့ထံမှသိရသည်။

ထို့အပြင် ပြောင်းရွှေ့ကြမည့်သူများအတွက် ယခင်ကတည်းက သွားလာခွင့်ပိတ်ပင်ထားသော ဇရပ်ကြီး-သပြေညွှန့်ကားလမ်းကို ယာယီဖွင့်ပေး၍ ပစ္စည်းသယ်ယူခွင့်ပေးထားသည်ဟုလည်း နောက်ထပ် ဇရပ်ကြီးဒေသခံအမျိုးသားက ပြောသည်။

၎င်းအမျိုးသားက “လမ်းက တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ (၃)ရက်ဖွင့်ပေးလိုက်တယ် ။ သယ်စရာရှိတာသယ်ဖို့ဆိုပြီး အရင်ကတည်းက အဲဒီ သပြေညွှန့်-ဇရပ်ကြီးလမ်းကိုပိတ်ထားတာ ၊ သပြေညွှန့်မှာတော့ ရဲစခန်းရှိတယ်။ ဘယ်အဖွဲ့က ရွှေ့ခိုင်းတာလဲဆိုတာ မသိရဘူး။” ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမည်ဖြစ်သဖြင့် ဒေသခံများပြောင်းရွှေ့ကြရန် ဟူသော ကောလာဟလနှင့် ပတ်သက်၍ တောင်ငူခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့ထံသို့ ကေအိုင်စီ အနေဖြင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပါ။

ကရင်အမျိုးအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ(၂) တောင်ငူခရိုင်အတွင်းရှိသည့် အဆိုပါ ဘုမ္မတီး၊ သရက်တန်း၊ ကျွဲလမ်း စသည့်ကျေးရွာ(၃)ရွာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ပိုင်းက စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်သေဆုံးပြီး နေရပ်စွန့်ခွာရှောင်တိမ်းရမှု ဖြစ်ပွားခဲ့သည်။

ထို့အတူ သံတောင်ကြီးမြို့နယ် သပြေညွှန့်ကျေးရွာသည်လည်း ၂၀၂၃ ခုနှစ် မတ်လပိုင်းက ရွာအနီး စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်မှရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းနှင့် နင်းမိုင်းများကြောင့် ထိခိုက်သေဆုံးမှုများရှိလာသဖြင့် ရွာသား အများစု နေရပ်စွန့်ခွာနေထိုင်ရသော ကျေးရွာလည်းဖြစ်သည်။

Most read this week

September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...
September 26, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...
September 25, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ၏တပ်ရင်း(၃)ရင်းတွင်...