ကရင်နီတွင် လိင်အကြမ်းဖက်သူများအား အပြစ်ပေးအရေးယူနေ

ကရင်နီတွင် လိင်အကြမ်းဖက်သူများအား အပြစ်ပေးအရေးယူနေ

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခံရသူများ နစ်နာမှုမရှိအောင် ကျူးလွန်သူများကို အပြစ်ပေးအရေးယူ နေသည်ဟု ကရင်နီပြည် ရဲတပ်ဖွဲ့ KSP က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီ ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသော ဒေသတွင်းရှိ အမျိုးသမီးများ အပေါ်ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကရင်နီ ပြည်နယ်အတွင်းရှိ အမျိုးသမီးအဖွဲ့များနှင့် ပူးပေါင်းပြီး လုပ်ဆောင်နေကြသည်။

ကရင်နီပြည် ရဲတပ်ဖွဲ့ KSP ဒု - ရဲချုပ် (၂) ကိုဘိုဘို က “အဓိက ကတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးကို မနစ်နာ စေဖို့ပေါ့နော် အမျိုးသမီး အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ မျှတတဲ့ ပြစ်ဒဏ်ရအောင်ပေါ့နော တရားစွဲတင်ပို့တာတွေ ဘာတွေရှိတယ်။ ပြီးတော့မှ ကျနော်တို့ ဒီအမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ မှလည်း အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ ဒီရပ်ရွာထဲမှာ အသိပညာပေး လုပ်တာ မျိုးတွေလည်း ရှိပါတယ်ဗျ” ဟု ပြောသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများသည် အမျိုးသမီး အဖွဲ့အစည်းများမှ တစ်ဆင့် တိုင်တန်းလာခြင်း ဖြစ်ပြီး အမှုကိစ္စများကို ကူညီဖြေရှင်းပေးရာတွင် KSP နှင့် ပူးပေါင်း လုပ်ဆောင်သည်ဟု ကရင်နီ အမျိုးသမီး အစည်း အရုံး  KNWO  ဒု-ဥက္ကဋ္ဌ မော်ဗျားမာဦးက ပြောသည်။

“အခုလက်ရှိကတော့ ကျမတို့ တရားရေးဆိုပြီး ကရင်နီပြည်မှာရှိတဲ့ KSP ရဲ့ဌာနနဲ့ ချိတ်ဆက်တာမျိုးတွေ ရှိ တယ်။ နောက်တစ်ခုက IEC ရဲ့ တရားရေး အဖွဲ့တွေချိတ်ဆက်ထားလည်း ရှိတယ်။ အဲ့လိုမျိုး ချိတ်ဆက် လုပ် ဆောင်တာတွေ ရှိတယ်ပေါ့နော်။”

ကရင်နီပြည် ရဲတပ်ဖွဲ့ KSP ထံသို့ တိုင်ကြားလာသည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကို KSP အနေဖြင့် အမျိုးသမီး အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးကာ ပြစ်မှုကျူးလွန်သူ တရားခံကို အမှုဖွင့်ပြီး IEC တရားရုံးတွင် တရားစွဲတင်ပို့မှုများ လုပ်ဆောင်နေသည်ဟု KSP က ပြောသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သည့် အရပ်သားပြည်သူများကို အပြစ်ပေး အရေးယူသည့် နည်းတူ တော်လှန်ရေး အဖွဲ့အစည်းများက တပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများကိုလည်း အပြစ်ပေး အရေးယူသည်ဟု ဒု-ရဲချုပ် (၂) ကိုဘိုဘို က  ပြောသည်။

“တော်လှန်ရေး တပ်ဖွဲ့တွေထဲက ကျူးလွန်တဲ့ ဟာမျိုးဆိုရင်တော့ ကျနော်တို့က သူတို့ လက်နက်ကိုင် အဖွဲ့တွေ ပေါ့နော် အဲ့မျိုးနဲ့ ကျူးလွန်တယ် ဆိုရင်တော့ သူတို့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ ပြန်အရေးယူဖို့ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့မှ သူတို့ဆီပြန်အပ်တာ ရှိသလို တစ်ချို့ကိစ္စတွေမှာ ကျနော်တို့ကိုယ်တိုင် အရေးယူ တာတွေလည်း ရှိတယ် အဲ့လိုပေါ့နော် ဒီလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်လာရင်တော့။”

အကြမ်းဖက်မှု ကျူးလွန်သူများကို အရေးယူ ဆောင်ရွက်ရာတွင် ကျောသားရင်သား မခွဲခြားဘဲ တရားမျှတ ရေးကိုသာ အဓိက ကူညီဆောင်ရွက် ပေးနေသည် ဟု KSP က ပြောသည်။

ကရင်နီပြည်နယ် ရဲတပ်ဖွဲ့  KSP သည် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၏ ပြည်ထဲရေး ဌာန အောက်မှ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ဝန်ဆောင်မှုများကို ရဲစခန်း ၁၅ ခု၊  ရဲကင်းစခန်း ၁၂ ခု ဖွင့်လှစ် ထားပြီး ပြည်သူ လူထုများအား ဝန်ဆောင်မှုပေးနေသည်ဟု KSP ဆိုသည်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း ကရင်နီပြည်နယ်တွင် အိမ်တွင်း အကြမ်းဖက်မှု ၁၂ မှု၊ အိမ် ထောင်ရေး ဖောက်ပြန်မှု ၂ မှု၊ မုဒိမ်းပြုကျင့်ရန် ကြံစည်မှု ၁ မှု၊ သက်ငယ်မုဒိမ်းမှု ၁၀ မှု၊ တရားမ မှု ၂ မှု၊ လိမ် လည် ကာမရယူမှု ၃ မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၇ မှု၊ မုဒိမ်းမှု ၂ မှု၊ လူကုန်ကူးမှု ၁ မှု၊ လိင်ပိုင်းဆိုင်ရာ  ထိပါး နှောင့်ယှက် စော်ကားမှု ၄ မှု၊ စုစုပေါင်း အမှုပေါင်း ၄၄ မှု ရှိခဲ့သည်ဟု ကယန်း အမျိုးသမီး အစည်းအရုံး KYWO ၏ စာရင်းအရ သိရသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...