စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာရှိ တရုတ်ကုမ္ပဏီပိုင်တကောင်းနီကယ်စက်ရုံအနီးက လုံခြုံရေးယူထားတဲ့ စစ်ကောင်စီရဲကင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက မနေ့က ညနေ(၆)နာရီဝန်းကျင်အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ရဲကင်းတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက နီကယ်စက်ရုံဝန်းအတွင်းက အလုပ်သမားတန်းလျားသို့ ဝင်ရောက်ပြောင်းရွှေ့နေရာယူသွားတယ်လို့ အနီးနေထိုင်သူကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
“ အလုပ်သမားတန်းလျားထဲကို စစ်တပ်တွေကနေရာဝင်ယူတာ အဲ့ဒီမှာရှိတဲ့ အလုပ်သမားတန်းလျားထဲက အလုပ်သမားတွေနဲ့ မိသားစုတွေကတော့ စက်ရုံထဲကိုရွှေ့သွားကြတယ်” လို့ ၎င်းကဆိုပါတယ်။
အခုလိုမတိုက်ခိုက်ခင် မနက်ပိုင်းအချိန်မှာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ လက်နက်ချအညံ့ခံဖို့ ရဲတပ်ဖွဲ့ဝင်များကို အော်ဟစ်သတိပေးမှုတွေ ပြုလုပ်ခဲ့ပြီး ၎င်းတို့ဘက်ကပြန်လည်တုံ့ပြန်မှုမရှိတာကြောင့် ညနေပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
တကောင်းနီကယ်စက်ရုံဝန်းထဲ ရဲတပ်ဖွဲ့များနေရာမယူခင် နှစ်ဦးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ အနည်းငယ်ဖြစ်ပွားခဲ့ပြီး နေရာယူပြီးညပိုင်းအချိန်မှာတော့ ပစ်ခတ်သံများ မကြားရတော့ကြောင်း သူကဆက်ပြောပြပါတယ်။
“ စစ်ကောင်စီတပ်က ဟိုထဲကိုဝင်သွားတာဆိုတော့ မှန်းလို့တော့မရဘူး တရုတ်စက်ဝန်းထဲဆိုတော့ သူတို့(PDF)က ဝင်တိုက်မလား မဝင်တိုက်ဘူးလားတော့ မသိတတ်တော့ဘူး” ဟု ၎င်းကဆက်ပြောပြပါတယ်။
ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဆုံးရှူံးမှုများကိုတော့ သိရှိနိုင်ခြင်းမရှိသေးပါဘူး။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တကောင်းနီကယ်စက်ရုံရှိ ဓာတ်အားပေးလိုင်းများကို HPDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲဖောက်ခွဲခဲ့တာကြောင့် လအနည်းငယ်ကြေးနီတူးဖော်မှု ရပ်နားခဲ့ရပြီး လုပ်ငန်းပြန်လည်လည်ပတ်နေတာ တစ်နှစ်ကျော်ခန့်ရှိလာပြီလည်း ဖြစ်ပါတယ်။
တကောင်းနီကယ်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကစပြီး အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining ကုမ္ပဏီတို့ အကျိုးအမြတ် ခွဲဝေခံစားတဲ့စနစ်နဲ့ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဒေါ်လာ သန်း ၈၀၀ တန်ဖိုးအထိ ရင်းနှီးမြှုပ်နှံမှုရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။