လားရှိုးမြို့တွင်းတိုက်ပွဲဖြစ်၊ ပြည်သူများ လုံခြုံရေး အထူးသတိပြုသင့်

လားရှိုးမြို့တွင်းတိုက်ပွဲဖြစ်၊ ပြည်သူများ လုံခြုံရေး အထူးသတိပြုသင့်

သျှမ်းမြောက်၊ လားရှိုးမြို့တွင်း တိုက်ပွဲများ ယမန်နေ့ (ဇူလိုင်လ ၂၅ ရက်) ညပိုင်းက စတင်ဖြစ်ပွားနေပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၅)ရက် နံနက်ပိုင်းမှ စတင်ကာ လားရှိုးမြို့ကို စိုးမိုးထားသည့် အမြင့်ပိုင်းနေရာများတွင် ကိုးကန့်တပ် နေရာယူထားကြောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်- ရမခ အနီးရှိ ဆေးတပ်နှင့် လေဆိပ်ကို ကိုးကန့်တပ် သိမ်းပိုက်ထားပြီး စစ်မြေပြင် အင်ဂျင်နီယာတပ်နှင့် မော်တော်ယာဥ်တင်တပ် ကို ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။ ။

ထို့အပြင် ရပ်ကွက် (၁) (၄) (၅) (၇) (၁၀) (၁၁) (၁၂) များအတွင်း ကိုးကန့်တပ် ဝင်ရောက်နေပြီး မြို့တွင်းတိုက်ပွဲများ စတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရမခ မကျသေးဘူးဆိုပေမယ့် အုပ်ချုပ်ကွက်ကဲမှု ရှုပ်ထွေးနေတယ်။ တပ်ဘက်က မြို့တော်ခန်းမှာရှိတယ်၊ မြို့ထဲမှာ အုပ်စုငယ်လေးတွေ ပြန့်ကျဲနေတဲ့ ပုံစံဖြစ်နေပါတယ်။ စနိုက်ပါတွေ နေရာယူထားတာလည်း ရှိပါတယ်။ တိုက်ပွဲ ပြင်းထန်နိုင်တယ်၊ မြို့ထဲမှာ ကျန်နေတဲ့ ပြည်သူတွေ သတိနဲ့ နေကြပါ” ဟု စစ်ရေးသတင်းရင်းမြစ်က သတိပေးသည်။

ဇူလိုင် ၂၆ရက် ညပိုင်း တိုက်ပွဲ စတင်ပြီးနောက် ရပ်ကွက်ကြီး (၁) တွင် ပြည်သူတစ်ဦး၊ ရပ်ကွက်ကြီး (၁၂) နယ်မြေ ၂၀ တွင် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း၊ နေ့လယ်ပိုင်းက ရပ်ကွက်ကြီး (၈) မဟာဗျူဟာလမ်း အတွင်း လက်နက်ကြီးကျသဖြင့် လူထိခိုက်မှုရှိကြောင်း တိုက်ပွဲ ပြင်းထန်လာနိုင်သဖြင့် ထိခိုက်ဒဏ်ရာရသူ များပြားလာနိုင်ကြောင်း မြို့ခံ တစ်ဦးက ဆိုသည်။

“ခုည လေယာဉ်က ဗုံးကြဲတယ်။ ည ၈ နာရီလောက်က။ မြို့တော်ခန်းမကို ကိုးကန့်တပ် ဝင်တိုက်တယ်။ တိုက်ပွဲက မြို့လယ်ကို ရောက်လာပြီ ။ထောင်ကြီးနားကတော့ တစ်နေကုန် ပစ်နေတာ။” ဟု ယနေ့ညပိုင်း အခြေအနေနှင့် ပတ်သက်၍ တခြားမြို့ခံ တဦးက ရှင်းပြသည်။

လက်ရှိ လူမှုကူညီရေးအသင်းများ၏ အ‌ခြေအနေနှင့် ပတ်သက်၍ “ပရဟိတ ခိုင်ခိင်မြဲမြဲဆိုလို့ လက်ရှိ ၃ ဖွဲ့ပဲရှိတာကို တဖွဲ့ကို ဥက္ကဌကိုဖမ်း၊ တဖွဲ့ကိုကျ စနိုက်ပါနဲ့ပစ်၊ တဖွဲ့ပဲကျန်တယ်” ဟု မြို့တွင်း ပြည်သူလူထုကို ကူညီနေသည့် Freedom Youty Volunteers အဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

လားရှိုးမြို့ကို အလုံးစုံ သိမ်းပိုက်ပြီးဖြစ်၍ အုပ်ချုပ်ရေး ကော်မတီ ဖွဲ့စည်းကြောင်း ကိုးကန့်တပ်က ယနေ့ မွန်းလွဲပိုင်းက ထုတ်ပြန်သည်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လားရှိုး ရမခ ကျဆုံးခြင်းမရှိသေးဟု ပြောဆိုကြောင်း ယနေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ပြည်တွင်းအ‌ခြေစိုက် မီဒီယာ တစ်ခုကို ပြောဆိုထားသည်။ ည ၈ နာရီတွင် ရမခ မကျသေးကြောင်း စစ်တပ် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက စစ်တပ်ပိုင် ရုပ်သံက တစ်ဆင့် ပြောဆိုထားသည်။

Most read this week

September 27, 2024
သျှမ်းမြောက် မြို့တော် လားရှိုးကို ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် အစောပိုင်း ၃ နာရီခွဲခန့်...
September 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့်...
September 25, 2024
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့...
September 25, 2024
သျှမ်-ကရင်နီ နယ်စပ် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တို့တွင် ရေဘေးသင့်နေသည့်ကျေးရွာများအတွင်း...