ပိတ်မိနေသော ရှမ်းမြောက် စစ်ရှောင်များကို နိုင်ငံတကာမှ အကူအညီပေးရန် SHRF တောင်းဆို

ပိတ်မိနေသော ရှမ်းမြောက် စစ်ရှောင်များကို နိုင်ငံတကာမှ အကူအညီပေးရန် SHRF တောင်းဆို

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် ပြည်သူများကို အကူအညီ ပေးရန် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က နိုင်ငံတကာကို တောင်းဆိုလိုက်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပြည်သူများမှာ တိုက်ပွဲအတွင်း ပိတ်မိနေပြီး အကူအညီများလည်း လိုအပ်နေသည့်အတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့များ အနေဖြင့် အကူအညီ များ ပေးကြရန် တောင်းဆိုသည်ဟု SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။

“လက်ရှိမှာတော့ ဒီအရပ်သားပြည်သူတွေက ကုန်ဈေးနှုန်းကြီးမြင့်တာ ပြီးတော့ ဒီထွက်ပြေးလို့မရ တိမ်းရှောင် လို့မရတာ တချို့ဆို ဒီလက်နက်ကြီး ထိတယ်။ ဆေးကုသပေးမယ့် လူလည်း မရှိဘူးပေါ့။ ကျမတို့ ဒုက္ခတွေတော့ ကြုံနေရတယ်ရှင့်။ အခုထက်ထိတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက လာလှူတာမျိုးလည်း မရှိဘူး။”

ရှမ်းမြောက်ပိုင်း ဒေသက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ဒေသခံ ပြည်သူအချို့သည် တိုက်ပွဲများ ဖြစ်ပွား နေသည့် မြို့များမှ တိမ်းရှောင်သွားကြသော်လည်း အချို့မှာမူ မြို့တွင်း၌ ပိတ်မိနေဆဲ ဖြစ်သည်ဟု ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်က ပြောသည်။

အထူးသဖြင့် ကျောက်မဲမြို့နယ်အတွင်းက ဒေသခံ အများစုသည့် တိုက်ပွဲကြားတွင် ပိတ်မိနေဆဲ ဖြစ်သည်ဟု ဆို သည်။

လက်ရှိတွင် ပြည်သူအချင်းချင်း၏ ကူညီမှုဖြင့်သာ ရပ်တည်နေကြရပြီး ခက်ခဲမှုများ ရှိနေသည့်အတွက် နိုင်ငံ တ ကာ အနေဖြင့် အကူအညီပေးရန် တောင်းဆိုသည်ဟု ဆိုသည်။

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ချိန်မှ စပြီး နှစ်ပတ်တာ ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ် ခတ်မှုများကြောင့် အရပ်သား ၄၆ ဦး သေဆုံးပြီး၊ ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အဆောက်အအုံပေါင်း အလုံးရေ ၁၅၀ ကျော် ထိမှန်ပျက်စီးခဲ့သည်ဟု SRHF က ပြောသည်။

ထို့ကြောင့် စစ်ရေး ပစ်မှတ်၊ အရပ်သား ပစ်မှတ် မခွဲခြားဘဲ အရပ်သား ပြည်သူများကို ဦးတည်တိုက်ခိုက်နေ သည့် စစ်ကောင်စီတပ်ကို အရေးယူ အပြစ်ပေးနိုင်သည်အထိ အကူအညီများ ပေးကြရန်လည်း ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင် SHRF က နိုင်ငံတကာကို တောင်းဆိုထားသည်။

SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “နိုင်ငံတကာ အသိုင်းအဝိုင်းကိုတော့ ကျမတို့‌ တောင်းဆိုချင် တာ ရှိတယ်။ အဓိကကတော့ ဒီစစ်ကောင်စီရဲ့ ဒီလိုမျိုး ကျမတို့ ရှမ်းမြောက်မှာ ဒီလိုမျိုး စစ်ရာဇဝတ်မှုတွေ ကျူး လွန်နေတာပေါ့နော်။ မျက်စိမှတ်မထားဘဲ ဒီစစ်ကောင်စီကို ဝိုင်းဝန်း အရေးယူကြဖို့ တောင်းဆိုချင်ပါတယ်ရှင့်” ဟု ပြောသည်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေသောကြောင့် လူထုအတွက် စိုးရိမ်ရသည့် အခြေအနေမျိုး ဖြစ်နေ သည်ဟု ယိင်းလျန်းဟန်က ဆက်ပြောသည်။

“ပြည်သူတွေကတော့ ကြောက်တာပေါ့နော်။ အရမ်းကြောက်ကြတယ်ပေါ့နော်။ တော်တော်များများ အရမ်း ကြောက်ကြတယ်။ အထူးသဖြင့်ကတော့ ဘယ်လိုမျိုးဆို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်ထားတယ် မီးလည်း မရှိဘူးဆို ဘယ်ချိန် ငါတို့နေရာမှာ လက်နက်ကြီးကျမလဲ၊ လေကြောင်းဗုံးကြဲမလဲ ဒါမျိုးပဲ ကြောက် နေကြရ တယ်ရှင့်။”

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ၏ ဇူလိုင်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် တရုတ်ဓာတ် ငွေ့ပိုက်လိုင်းတစ် လျှောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့် မြို့နယ်များ တိုက်ခိုက်ခံရမှု အခြေအနေများကို ထုတ်ပြန်ထား သော်လည်း လက်ရှိမြေပြင်တွင် ရှမ်းမြောက်ဒေသ၏ မြို့နယ် အတော်များများတွင် တိုက်ပွဲများ ဖြစ်နေသည်ဟု ပြောသည်။

ထို့အပြင် အရပ်သား ပြည်သူများ၏ အခက်အခဲများကို ဒေသခံပြည်သူများနှင့် အရပ်ဘက် အဖွဲ့အစည်းများက သာ စုပေါင်း၍ နည်းလမ်းမျိုးစုံဖြင့် အကူအညီများ ပေးနေကြသော်လည်း လုံလောက်မှု မရှိသောကြောင့်  နိုင်ငံ တကာကို အကူအညီများပေးရန် တောင်းဆိုရခြင်း ဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ဆိုသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...