ညောင်ရွှေမြို့နယ်အတွင်း စစ်ရှောင် ၃၀၀၀ ကျော် ထွက်ပြေးနေရ

ညောင်ရွှေမြို့နယ်အတွင်း စစ်ရှောင် ၃၀၀၀ ကျော် ထွက်ပြေးနေရ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၃ ထောင်ကျော် နေရပ်မှ စွန့်ခွါ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြော

ညောင်ရွှေမြို့နယ်၊ စံကားမြို့ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တပ်တို့အကြား ဇူလိုင်လ ၁၉ ရက်နေ့ကတည်းက ယနေ့အချိန်ထိ တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

လင်လန်ကျေးရွာတွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက “တော်တော်များများကတော့ နီး စပ်ရာတွေပဲ ရွာဘက်တွေ ရှောင်ကြတယ်။ ရွာဘက်တွေဆိုတော့ အဝေးကြီး ရှောင်လို့လည်း မရဘူးလေ။ ငြိမ်ပြီ ဆို ခဏပြန်လာကြ၊ ဝုန်းဝုန်းဒိုင်းဒိုင်းဆို နောက်တစ်ခါ ထပ်ပြေးပေါ့” ဟု ပြောသည်။

စံကားမြို့ အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူဦးရေ ၃ ထောင်ကျော်ခန့်မှာ နေရပ်စွန့်ခွါ ထွက်ပြေးနေရခြင်း ဖြစ်သည်။

စံကားမြို့အနီးရှိ လင်လန်၊ ကုန်းပြား၊ ဆည်ခေါင်း၊ ထီရီး စသည့်ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ပြီး စံကားမြို့ မြို့တွင်းရှိ လူနေအိမ်များတွင် စစ်ဘေးရှောင် အယောက် ၃၀၀ ကျော်ခန့်နှင့် စံကားဘုန်းကြီး ကျောင်းတွင်လည်း အယောက် ၂၀၀ ကျော်ခန့် ခိုလှုံခွင့်ပေးထားရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အထက်ပါ တိုက်ပွဲဖြစ်ပွားရာ ဒေသများနှင့် ထိစပ်နေသည့် ဟူးရန်း၊ ချမ်းသာ၊ ထီးဟန်းသား၊ နန်းဗွန်၊ နောင်ဗို၊ လွယ်ဗောင် စသည့် ကျေးရွာများက ပြည်သူများသည်လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းများ၊ အင်းလေး ဒေသတစ်ဝိုက်နှင့် တောတောင်နေရာများတွင် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေကြသည်။

အင်းလေးဒေသမှ စံကားမြို့တွင် ကုန်သည် သွားရောက် လုပ်ကိုင်နေသူ တစ်ဦးက “မိုင်းပျိုး၊ တောင်တိုဘက် ပြေးကြတယ်။ မိုင်းပျိုး ဘုန်းကြီးကျောင်းဆိုရင် လက်ခံထားတာ ၈၀၀ ကျော်ပြီ။ ထပ်လက်မခံဘူးဆိုတော့ မရှောင်ရသေးတဲ့ ရွာတွေက လန့်နေကြတယ်။ စံကားလည်း ထပ် လက်မခံတော့ဘူး ပြောတယ်။ တိုက်ပွဲက တော့ နေ့တိုင်း ပစ်နေတာပဲ” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်တို့၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကုန်းပြားဘုန်း ကြီးကျောင်း အပါအဝင် ဆယ်ခေါင်းကျေးရွာရှိ နေအိမ် ၁၀ လုံးကျော် ခန့်မှာ မီးလောင်ပြာကျ ပျက်စီးခဲ့သည် ဖြစ်ရာ စစ်ဘေးရှောင်များ အနေဖြင့် နေရပ်သို့ ပြန်မလာနိုင်သေးသည့် အချိန်တွင် နေထိုင်ရပ်တည်ရေးအတွက် အခက်အခဲများ ဖြစ်နေကြသည်။

ထို့အပြင် ကုန်းသာနှင့် ဆည်ခေါင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတို့တွင်လည်း စစ်ကောင်စီတပ်၊ PNA ပူးပေါင်း တပ်တို့က တပ်စွဲထားပြီး လူသူကင်းမဲ့နေသည့် နေအိမ်များအား ဖောက်ထွင်းခိုးယူခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များကို ကျူးလွန်နေကြသည်ဟု ဆိုကြသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...