ရခိုင်တွင် သွင်းအားစုစရိတ် ၅ ဆခန့်ကြီးမားလာ၍ လယ်ယာလုပ်ကိုင်မှု ၅၀ ရာခိုင်နှုန်း အောက်ထိ ကျဆင်းသွားသဖြင့် လာမည့်စပါးရာသီတွင် အထွက်နှုန်းကျဆင်းဖွယ်ရှိနေ

ရခိုင်တွင် သွင်းအားစုစရိတ် ၅ ဆခန့်ကြီးမားလာ၍ လယ်ယာလုပ်ကိုင်မှု ၅၀ ရာခိုင်နှုန်း အောက်ထိ ကျဆင်းသွားသဖြင့် လာမည့်စပါးရာသီတွင် အထွက်နှုန်းကျဆင်းဖွယ်ရှိနေ

ရခိုင်ပြည်တွင် ယခုနှစ် သွင်းအားစုစရိတ် ၅ ဆခန့်အထိကြီးမားလာမှုကြောင့် လယ်ယာ လုပ်ငန်းလုပ်ကိုင်မှုမှု ၅၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားကြောင်း လယ်သမား အသိုင်းအဝိုင်း ထံမှ သိရသည်။

လယ်ယာလုပ်ငန်းတွင် အဓိကအသုံးပြုနေကြရသည့် စက်သုံးဆီနှင့် မြေသြဇာစျေးမှာ ၅ ဆနီးပါး အထိမြင့်တက်လာမှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်မှုမှာ ၅၀ ရာခိုင်နှုန်းအောက်ထိ ကျဆင်းလာနေသည်ဟု ပေါက်တောမြို့နယ်၊ ရွာကြီးချောင်းကျေးရွာမှ လယ်သမားတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“စက်သုံးဆီက အရင်နှစ်က တစ်ပေပါကို ၆ သိန်း ၇ သိန်းထိရှိခဲ့ပေမယ့် ဒီနှစ်မှာ ၂၇ သိန်းအထိ ရှိတယ်။ ဒီနှစ်ကျနော်တို့သိရသလောက် အများစုက လယ်မထွန်ကြဘူး။ ကျနော်တို့ဆိုရင် ဧက ၁၀၀ လောက်မှာ ၃၀ လောက်ပဲစိုက်နိုင်တယ်။ အဓိက သွင်းအားစုကများနေတော့ လယ်ယာ လုပ်ငန်းကို လုပ်ချင်ရင်တောင်မှ ငွေကြေးကမလိုက်နိုင်တော့ လယ်ယာလုပ်ငန်းကို မလုပ် ကြတော့တာ များတယ်။ စားဝတ်နေရေးအတွက် တခြားအလုပ်တွေ ပြောင်းလုပ် လာကြတော့ လယ်ယာစိုက်ပျိုးမှုက ၅၀ ရာခိုင်နှုန်းလောက်တောင်မရှိတော့ဘူးလို့ ပြောလို့ရတယ်” ဟုပြောသည်။

ယခုနှစ်တွင် တိုက်ပွဲဖြပွားမှုနှင့် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှုများ ခက်ခဲသည့် အတွက် လယ်ယာလုပ်ငန်းသုံးပစ္စည်းများရှားပါးပြီး သွင်းအားစုစရိတ်မှာလည်း များပြား လွန်းလှသဖြင့် မိမိဝမ်းစာအတွက် တပိုင်တနိုင်သာစိုက်ပျိုးကြသည်ဟု မင်းပြားမြို့နယ်၊ ကျားပိုက်ကေကျေးရွာမှ လယ်သမားတစ်ဦး၏ ဇနီးဖြစ်သူက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“လယ်ယာသုံးပစ္စည်း တခုခုပျက်သွားလို့ လိုအပ်ရင်ပစ္စည်းကရှာမရဘူး။ လမ်းတွေ ပိတ်ထားတော့ အရင်တုန်းကလို ပစ္စည်းဝယ်ရတာမလွယ်တော့ဘူးလေ။ မြေဆီစျေးက တစ်အိတ် ၅ သိန်း။ အခုဆိုရင် ကိုယ့်ဝမ်းစာအတွက်ပဲစိုက်ကြတာများတယ်။ လယ်ယာလုပ်ငန်းကို အားကိုးပြီး သားသမီးကို ပညာရေးကအစ ထားနိုင်တာ။ အခုဆိုရင် ဝမ်းရေးအတွက်ပဲရုန်းကန်နေကြရတယ်။ အဖေဖြစ်သူကလည်း ဝန်ထမ်းလစာမရတော့ လယ်လုပ်ပြန်တော့လည်း စရိတ်တွေကကြီးနေတယ်။ လယ်စိုက်တဲ့သူတွေလည်း သိပ်မတွေ့ဘူး” ဟုပြောသည်။

ရခိုင်ကလယ်ယာလုပ်ငန်းလုပ်ကိုင်သူများမှာ စက်သုံးဆီမြင့်မားမှုကြောင့် ထွန်ယက်နိုင်မှု စျေးမြင့်တက်ခြင်း၊ စပါးရိတ်သိမ်းခြင်းစျေးမြင့်ခြင်း၊ အလုပ်သမားခပေးငွေ မြင့်မားခြင်းနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် လယ်ဧကအမြောက်အများ ဆားငန်ရေဝင်ရောက်ပျက်စီးကာ စိုက်ပျိုးပြီးစ စပါးပင်များလည်း ပျက်စီးမှုများရှိခဲ့သည့်အတွက် စပါးပေါ်ချိန်တွင် အထွက်နှုန်းကျဆင်းသွားခဲ့ရသည်။

အလားတူ ယခုနှစ်တွင်လည်း သွင်းအားစုများ အဆမတန်မြင့်မားမှုကြောင့် လယ်ယာ လုပ်ငန်းကို ထက်ဝက်ခန့်အထိလျှော့ချစိုက်ပျိုးထားရ၍ လာမည့်စပါးအဖွက်ရာသီတွင် အထွက်နှုန်း ကျဆင်းနိုင်ကြောင်း လယ်သမားများက ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ ရခိုင်ပြည်တွင် စပါးစိုက်လယ် ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိသော်လည်း ပြီးခဲ့သည့်စပါးစိုက်ရာသီအတွင်း အကြောင်း အမျိုးမျိုးကြောင့် လယ်ဧက ၈ သိန်းခွဲကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ပုံမှန်အားဖြင့် ရာသီဥတုကောင်းလျှင် ရခိုင်ပြည်၏ ဆန်အထွက်နှုန်းမှာ စားသုံးမှုထက် တန်ချိန် ၃ သိန်းနှင့် ၄ သိန်းကြားပိုလျှံသော်လည်း ယခုနှစ်တွင် တိုက်ပွဲနှင့် သွင်းအားစုစရိတ် အဆမတန်မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးဧက လျော့နည်းမှုကြောင့် စပါးအထွက်နှုန်း များစွာ ကျဆင်းပြီး ပိုလျှံမှုရှိနိုင်မည်မဟုတ်ဟု စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုသည်။

Most read this week

September 30, 2024
အိန္ဒိယနိုင်ငံသည် သူ့အကျိုးစီးပွားများအားကာကွယ်ရန် အာရက္ခတပ်တော်(AA)အား အသိအမှတ်ပြုပြီး...
September 27, 2024
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အား စက်တင်ဘာလ  (၂၅)  ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာအများအပြားမှ ရွာသူ ရွာသားများကို စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက် လေယာဥ်ဖြင့်...