ကော့ကရိတ်တွင် စစ်ရေးအရှိန်မြှင့်ရန် ပြင်ဆင်မှုများရှိနေ

ကော့ကရိတ်တွင် စစ်ရေးအရှိန်မြှင့်ရန် ပြင်ဆင်မှုများရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီဘက်က စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ရန် စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ကော့ကရိတ်မြို့နယ် အတွင်းရှိ ကော့ဘိန်း၊ ကျုံဒိုး၊ နဘူး၊ ကော့ကရိတ်မြို့ပြင်နှင့် အာရှလမ်း နေရာများ ကို စစ်ကောင်စီတပ်က နေ့စဉ် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ရန်  ဖားအံ၊ မော်လမြိုင်ဘက်မှ စစ်ကူနှင့် ခဲယမ်းများ နေ့စဉ် ပို့ဆောင် နေသလို၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ စစ်သင်္ဘောပေါ်မှ လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်မှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောဆိုသည်။

“မွန်ရွာတွေဘက် ကော့ဘိန်း၊ ကျွန်းရွာ ဘက်ကို Y12 လေယာဉ် လာကြဲတယ်၊ အခု မွန်ရွာအများစု စစ်ပြန်ရှောင် နေရတယ်။ မြစ်ထဲ စစ်သင်္ဘောပေါ်က လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတော့ မနေရဲကြဘူး။ ကျုံဒိုး၊ ချောင်းဖျား ဘက် ကိုလည်း စစ်ကား ၅ စီး ပုံမှန်စစ်ကူပို့နေတယ်၊ မြပတိုင်ဘက်၊ ရင်ခွဲ၊ ထီဖိုးစံကနေ ကော့ကရိတ်ကို စစ်ကြောင်း ပတ်ပြီး သွားနေတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထိုသို့ စစ်ကောင်စီက စစ်အင်အားတိုး စစ်ရေးအရှိန်မြှင့်တိုက်ခိုက်မှုများ ရှိနေသည့်အတွက် မြို့ပေါ်ရပ်ကွက် နေသူများ စစ်ဘေးပြန်ရှောင်နေသည်ဟု သိရသည်။ ထို့အပြင် မြို့အနီးရှိ ခလရ ၉၇ တပ်နှင့် လှိုင်ဝ အမြှောက် တပ်တို့က အာရှလမ်းမဘက်ရှိ အောင်ဇေယျ စစ်ကြောင်းဘက်သို့ လက်နက်ကြီး ပစ်ကူ နေသလို မြေပြင်တွင် KNLA မဟာမိတ် ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ဆက်ဖြစ်နေကြောင်း  ဒေသတွင်း သတင်းများအရ သိရသည်။

 “ကော့ကရိတ်နယ်ထဲ တိုက်ပွဲနေ့တိုင်း ဖြစ်တယ်။ ပျောက်ကြား ပစ်ခတ်တာ၊ စစ်ကြောင်း ဖြတ်တိုက်တာ ရှိတယ်။ စစ်တပ်က လက်နက်ကြီး ပစ်ချ၊ ဒရုန်း တက်လာပြီးပစ်ချ တာမျိုး နေ့တိုင်း ရှိတယ်။ အာရှ လမ်းမဘက်ရော၊ လမ်း ဟောင်း ဘက်ရော ပစ်တယ်။ အခု လမ်းဟောင်းကပျက် တောင်တွေပြိုတော့ ကုန်ကား အတက်အဆင်း ရပ်နေတယ်။ ကားသေးနဲ့ ဆိုင်ကယ်သွားလို့ရတယ်။ ၉၇ နဲ့လှိုင်ဝက လက်နက်ကြီး နေ့တိုင်းပစ်တော့ ရပ်ကွက်ထဲ ကလူတွေ စစ်ပြန်ရှောင် နေကြတယ်” ဟု ကော့ကရိတ် ထီဖိုးစံ ရွာသားတဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီက ကော့ကရိတ်မြို့နယ် အတွင်း စစ်ရေးအရှိန်မြှင့်တိုက်ခိုက်ရန် ပြင်ဆင်နေသလို ဖားအံနှင့် လှိုင်းဘွဲဘက်တွင်လည်း စစ်ကြောင်းများက စစ်ရေးပြင်ဆင်မှု ဆက်ရှိနေသည်ဟု ဒေသတွင်း စစ်ရေးသတင်းများ အရ သိရသည်။

Most read this week

September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...
September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...