ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ်ထဲကို တိမ်းရှောင်လာကြတာ ၇ လဝန်းကျင်ရှိနေပြီဖြစ်တဲ့ လွိုင်ကော်စစ်ရှောင်တွေအတွက် လက်ရှိမှာ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အိမ်ခြေ ၆၀ ဝန်းကျင်ဟာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျေးရွာတစ်ခုမှာ မှီခိုနေထိုင်နေပြီး နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ရွာခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ရွာမှာ လာမှီခိုပြီးတော့ ကျနော်တို့ကိုယ်တိုင်ကလည်း မလှူနိုင်၊ မဒါန်းနိုင်ခါကျတော့ သူတို့ခမြာလည်း စစ်ရှောင်မှတော့ အဝေးကနေလာပြီးတော့ စစ်လာရှောင်တာပေါ့နော်။ သူတို့စစ်ရှောင်စခန်းဆိုတဲ့အရာကို ကျနော်တို့မလိုချင်ဘူး၊ ကျနော်တို့ရွာကြားမှာဘဲ အိမ်အလွတ် တစ်လုံး၊ နှစ်လုံးဘဲဖြစ်ဖြစ် လွတ်တဲ့အိမ်ကို တစ်မိသားစု၊ နှစ်မိသားစု၊ တချို့လူကျတော့ သုံးမိသားစု၊ လေးမိသားစုဝင်ပြီးတော့ အတူတူနေတာရှိတယ်။ အိမ်နံဘေးမှာ တဲထိုးပြီးတော့ အိမ်နဲ့တစ်ဆက်တည်း မိုးကာမိုးပြီးတော့ သူတို့နေရတာပေါ့။ ကျနော်တို့ ရွာခံကလည်း သူတို့ကို ဘာတစ်ခုမှ မလုပ်ပေးနိုင်တဲ့အခါကျတော့ အားတော့နာတယ်။ အဲ့တာကြောင့်မို့လို့ ရွာခံအနေနဲ့ IECဘဲ ဖြစ်ဖြစ်၊ တခြားအဖွဲ့အစည်းဘဲ ဖြစ်ဖြစ်၊ အလှူရှင်ဘဲဖြစ်ဖြစ် လှူပေးပါအုံးလို့ ကျနော်အကူအညီတောင်းချင်ပါတယ်။” လို့ ရွာခံတစ်ဦးက ပြောပါတယ်။
အဆိုပါ စစ်ရှောင်တွေဟာ ၁ လေးလုံး စစ်ဆင်ရေး စတင်ပြီးတဲ့နောက်ပိုင်း လွိုင်ကော်မြို့ထဲကနေ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပြီး ယခုအချိန်ထိ အကူအညီတွေ တကြိမ်မှ မရရှိကြသေးဘူးလို့ ဆိုပါတယ်။
စစ်ဘေးရှောင်ရာမှာလည်း ထပ်ဆင့်တိမ်းရှောင်ရတဲ့အတွက် ကုန်ကျစရိတ်တွေ များပြားလွန်းတာကြောင့် တဲဆောက်နေထိုင်မယ့် ကုန်ကျစရိတ်ကို မတတ်နိုင်သူတွေလည်း ရှိနေပါတယ်။
“ အခက်အခဲမျိုးစုံရှိတယ်ပေါ့နော်၊ နေရေးထိုင်ရေးကအစပေါ့။ လောလောဆယ် ဒီကားပေါ်မှာဘဲ အိပ်တယ်၊ အခုက ဘယ်နလလောက်နေရမလဲ မသိတဲ့အတွက် အခု တဲဆောက်ချင်တယ်။ ဒါပေမဲ့ ရှိတဲ့ ပိုက်ဆံနဲ့ ဖျာ၊ မိုးကာတွေဝယ်အုံး၊ ထပ်ပြေးရမယ်ဆိုရင် အလကားဖြစ်နေမှာစိုးလို့ မိသားစုက ဒီတိုင်းမိုးကာပေါ်မှာဘဲ အိပ်တယ်။” လို့ ဒန်ဘန်ကား ပေါ်မှာပဲ အိပ်နေရတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
ရွာခံတွေအနေနဲ့ တတ်နိုင်သလောက်ကူညီဆောင်ရွက်ပေးတာတွေရှိပေမဲ့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အတွက် လိုအပ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။
” ဆန်နဲ့ဆီမရပါဘူး။ ထောက်ပေးတဲ့သူ မရှိဘူးကော။ အရင်အခြားစစ်ရှောင်တုန်းကဆိုရင် ရပါတယ်၊ အခုတော့မရတော့ဘူး။ အဘွားအတွက် လိုအပ်တာကတော့ ပိုက်ဆံနဲ့ဆန်ပေါ့။”လို့ လွိုင်ကော်စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဆိုပါကျေးရွာကို ရောက်ရှိနေထိုင်နေတဲ့ လွိုင်ကော်မြို့နယ်က စစ်ဘေးရှောင် အိမ်ထောင်စု ၆၀ ဝန်းကျင်ရှိနေပါတယ်။
လွိုင်ကော်မြို့မှာ ၁ လေးလုံးစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း မြို့ကိုစွန့်ခွာပြီး နီးစပ်ရာ ရှမ်းပြည်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေကို စစ်ရှောင်လာကြတဲ့ လွိုင်ကော်မြို့ခံတွေ သောင်းနဲ့ ချီရှိခဲ့ပါတယ်။