ပတ်စ်ပို့မလိုသည့် ပန်းရောင်ကဒ် ထုတ်ပေးရေး ထိုင်းအစိုးရကို တောင်းဆိုမည်

ပတ်စ်ပို့မလိုသည့် ပန်းရောင်ကဒ် ထုတ်ပေးရေး ထိုင်းအစိုးရကို တောင်းဆိုမည်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသူများအတွက် တရားဝင် အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့်ရရှိရန် ပတ်စ်ပို့မလိုသည့် ပန်းရောင်ကဒ်တစ်မျိုးတည်းသာ ထုတ်ပေးရန်ထိုင်းအစိုးရ ကို တောင်းဆိုသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ အလုပ်သမားဝန်ကြီးဌာနနှင့် ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားအတွက် အလုပ်လုပ်ခွင့်ကဒ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက် လာသူများနေထိုင်ခွင့်ကဒ် ရရှိရန် ပုံစံနှစ်မျိုးအတွက် ပန်းရောင်ကဒ်ထုတ်ပေးရန် ထိုင်းအစိုးရကို တင်ပြမည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)အဖွဲ့ ဥက္ကဌဖြစ်သူ ဦးမိုးကြိုးက ယခုလို ပြောသည်။

“ ပုံစံနှစ်မျိုးနဲ့ ထိုင်းအစိုးရကိုတင်ပြမယ်။ တစ်မျိုးကတော့ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေါ့၊ နောက်တစ်မျိုးကတော့ နေထိုင်ခွင့်သက်သက်ပဲ။ CDM တွေနဲ့ နောက်ထပ်နိုင်ငံရေးအရ တိမ်းရှောင်လာတဲ့သူတွေ အဆင်ပြေအောင်လို့ပါ။ သူတို့ကတော့ အလုပ်လုပ်လို့ မရဘူး။ သို့သော် အဲဒီပန်းရောင်ကဒ်က ချွင်းချက်တော့ရှိတယ်။ တခြားမြို့တွေကို သွားရင် CI တို့ PJ ပတ်စ်ပို့ ကိုင်တဲ့သူတွေလိုတော့ မရဘူးပေါ့။ နေထိုင်ခွင့်ရတဲ့မြို့မှာပဲနေရမယ်။ တခြားမြို့ ကို သွားလာရင် သက်ဆိုင်ရာမြို့နယ်ရုံးမှာ လက်မှတ်ရေးပြီး သွားရတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်တွင်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနှင့်ပတ်သက်၍ ထိုင်းလူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း-HRDF ဥက္ကဌ နိုင်ဆုန်ချိုင်းဟော်နန်အွန် ဦးဆောင်သည့် ထိုင်းလူ့အခွင့်အရေးရှေ့နေများနှင့် မဲဆောက်အခြေစိုက် အလုပ်သမား အဖွဲ့အစည်းများတို့ တွေ့ဆုံဆွေးနွေးကာ ပန်းရောင်ကဒ် ပြုလုပ်ပေးရေးကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရကို တင်ပြသွားရန် ဆွေးနွေးခဲ့သေးသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားမဝန်ကြီးဌာနက ထိုင်းအစိုးရအနေဖြင့် အထောက်အထား မရှိသေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပန်းရောင်ကဒ်(Non Thai Identification Card) ထုတ် ပေးခြင်း အစီအစဉ်များကို အမြန်ဆုံးစတင်ပေးရန်နှင့် ပန်းရောင်ကဒ်၊ Work Permit စသည့် အထောက် အထား များ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာ၊ နေထိုင်၊ အလုပ် လုပ်ခွင့်ပြုရန်တို့အပါအဝင် တောင်းဆိုချက် ၅ ချက်ပါ သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ဇူလိုင် ၁၈ရက်တွင် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်အလုပ်သမားများသည် အထောက်အထားရှိသော်ငြားလည်း ဧည့်စာရင်း မတိုင် သည့်အတွက် ထိုင်းရဲများမှ ဝင်ရောက်စစ်ဆေး ဒဏ်ရိုက်မှုများ မကြာခဏကြုံရလေ့ရှိပြီး အဆိုပါဖြစ်စဉ်ကို မဟာချိုင်နှင့် စမွန်ပရာကန် နေရာတို့တွင်နေထိုင်သည့် ရွှေ့ပြောင်းအလုပ်သမား အများစု ရင်ဆိုင်ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ဦးမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကို စီမံချက်ချ ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိရာ အထောက်ထားမဲ့ မြန်မာအလုပ်သမားနှင့် မြန်မာနိုင်ငံသားများ အပြားဖမ်းဆီးခံရမှု အများအပြား ရှိကြောင်း ထိုင်းနိုင်ငံတွင်း သတင်းများအရ သိရသည်။

Most read this week

September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...
September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...