ကရင်ပြည်ထူထောင်ရေး ကရင်တစ်မျိုးသားလုံး ပူးပေါင်းဆောင်ရွက်ကြရန် KNDO စစ်ဦးစီးချုပ် တိုက်တွန်း

ကရင်ပြည်ထူထောင်ရေး ကရင်တစ်မျိုးသားလုံး ပူးပေါင်းဆောင်ရွက်ကြရန် KNDO စစ်ဦးစီးချုပ် တိုက်တွန်း

ကရင်တစ်မျိုးသားလုံး၏မျှော်မှန်းချက်ပန်းတိုင်ဖြစ်သော ကရင်ပြည်ထူထောင်ရေး ပြည်တွင်း၊ ပြည်ပ ရှိ ကရင်လူမျိုး လူကြီး၊ လူငယ်အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် ဇူလိုင်လ (၁၆) ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ထူထောင်သည့် (၇၇)နှစ်ပြည့် မြောက်သည့်နေ့တွင် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက တိုက်တွန်းလိုက်သည်။

KNDO ဗဟို ဌာနချုပ်တွင် ပြုလုပ်သည့် အခမ်းအနားတွင် အမျိုးသားတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော ကရင်ပြည်ထူထောင်ရေး လှုပ်ရှားမှုအတွင်း နယ်စပ်နှင့်ပြည်တွင်းရှိ ကရင်များသာမက နိုင်ငံတကာရှိကရင်လူမျိုးများ၊ အမျိုးသားအမျိုးသမီးဖြစ်စေ၊ လူကြီးလူငယ်ဖြစ်စေ ဝိုင်းဝန်းလုပ်ဆောင်ကြမှသာ မိမိတို့၏မျှော်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရရှိ မည်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် စောရှီးလေက ကေအိုင်စီနှင့်သီးသန့်အင်တာဗျူးတွင် ပြောဆိုထားခြင်းဖြစ်သည်။

“ ကရင်ပြည်ထူထောင်ဖို့အတွက် KNDO တစ်ဖွဲ့တည်းနဲ့လုပ်လို့မရသလို KNLA တစ်ဖွဲ့တည်းပဲနဲ့လည်း လုပ်လို့မရဘူး။ ကရင်လူမျိုးတစ်ရပ်လုံးရဲ့ လိုလားချက် ကရင်ပြည်ထူထောင်ရေး လှုပ်ရှားမှုကြီးဖြစ် တဲ့အတွက်ကြောင့်မို့လို့ ကရင်တစ်မျိုးသားလုံး ပူးပေါင်းဆောင်ရွက်စေချင်တယ်။ အားလုံးရဲ့အမြင် တွေကို တစ်ခုတည်းစုပေါင်းပြီးတော့ ဆောင်ရွက်ကြမှသာ မျှော်မှန်းချက်ကို မြန်မြန်ဆန် ဆန်ရရှိမှာဖြစ်တယ်။” ဟု KNDO စစ်ဦးစီးချုပ်က ပြောသည်။

ကရင်လူငယ်များအနေဖြင့်လည်း အမျိုးသားရေးလှုပ်ရှားမှုအတွက် လက်ဆင့်ကမ်းသယ်ဆောင်၍ ဆက်လက်လုပ်ဆောင်သွားရန်လိုသလို ကရင်ပြည်ထူထောင်ရေး အောင်မြင်မှုပန်းတိုင်ရောက်သည်အထိ စုပေါင်းလက်တွဲကြစေလိုကြောင်းလည်း ဗိုလ်မှူးချုပ် စောရှီးလေက ဖြည့်စွက်တိုက်တွန်းထားသည်။

၎င်းက “ကျနော်တို့ကတော့ လာမယ့်မျိုးဆက်သစ်တွေအကုန်လုံးကို အရမ်းအားပေးတယ် ။ ကျနော်တို့ရဲ့အမျိုးသားလှုပ်ရှားမှုက ကျနော်တို့လက်ထဲမှာမပြီးမြောက်သေးရင် လက်ဆင့်ကမ်းပြီးမှ အမျိုးသားရေးတာဝန်ကိုလုပ်ဆောင်သွားစေချင်တယ်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အောင်မြင်မှုပန်း တိုင်ရောက်တဲ့အထိ  စုပေါင်းလက်တွဲ ဆောင်ရွက်သွားစေချင်တယ်” ဟု အခမ်းအနားအပြီး ကေအိုင်စီနှင့် အင်တာဗျူးတွင် ပြောသည်။

 KNDO နေ့အခမ်းအနားကို ဗိုလ်မှူးချုပ် စောရှီးလေအပါအဝင် ကရင်အမျိုး သားအစည်းအရုံး-ကေအဲန်ယူမှ ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေး၊ ကရင်လူငယ်အစည်းအရုံး-KYO နှင့် တာဝန်ရှိသူများ၊ KNDO တပ်ဖွဲ့ဝင်များ၊ ကျောင်းသားလူငယ်များ စုစုပေါင်း လူဦးရေ (၁,၀၀၀) ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တက်ရောက်လာသော KNDO တပ်ဖွဲ့ဝင် အရာရှိ၊ ရဲဘော်များအား ပန်းကုံး စွပ်ဂုဏ်ပြုခြင်းနှင့် မီးပန်းပစ်ဖောက်ခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် KNDO စစ်ဦးစီးချုပ်မှ အခမ်းအနား အဖွင့်အမှာစကား ပြောကြားခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက KNDO နေ့သို့ ပေးပို့လာသော သဝဏ်လွှာများနှင့် KNDO နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းဖတ်ကြားခြင်းတို့ကို ပြုလုပ်ကျင်းပခဲ့သည်။

ဆက်လက်ပြီး လုပ်သက် (၂၅)နှစ်ပြည့် KNDO တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ခြင်း နှင့် ကိုယ်ခန္ဓာပေးဆပ်ခဲ့သည့် KNDO တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုခြင်းတို့ကို အခမ်းအနားအစီအစဥ်အရ ပြုလုပ်ခဲ့သလို တေးသီချင်းများဖြင့် သီဆိုဂုဏ်ပြုခြင်းနှင့် အခမ်းအနားအပိတ်အမှာ စကားပြောကြားခြင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ကရင်လူမျိုးများသည် ကရင်ပြည်နယ်ရရှိရန် ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း လက်ခံမှုမရှိခဲ့သောကြောင့် ကရင်ခေါင်းဆောင်များက ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့တွင် လက်နက်ကိုင်တိုက်ပွဲဖြစ်လာနိုင်၍ လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်ရန်၊ ကရင်တစ်မျိုးသားလုံး၏အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် စည်းရုံးလှုံ့ ဆော်ရေးတွင် လက်နက်ကိုင်စည်းရုံးခြင်းဖြင့် ပိုမိုအောင်မြင်မှုရရှိရန် စသော ရည်ရွယ်ချက်(၃)ရပ်ဖြင့် KNDO ကို ဖွဲ့စည်းတည် ထောင်ခဲ့ခြင်းဖြစ်သည်။

Most read this week

October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...
September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...