စစ်မှုထမ်းအပတ်စဉ်တွေအတွက် လျာထားချက်ပြည့်မီအောင် ကြိုးပမ်းကြဖို့ စစ်ကောင်စီဖိအားပေး

စစ်မှုထမ်းအပတ်စဉ်တွေအတွက် လျာထားချက်ပြည့်မီအောင် ကြိုးပမ်းကြဖို့ စစ်ကောင်စီဖိအားပေး

အရင်ဖွင့်လှစ်ပြီးခဲ့တဲ့ သင်တန်းတွေရဲ့ အားသာချက်၊အားနည်းချက်တွေကို သုံးသပ်ပြီး နောင်ဖွင့်လှစ်မယ့် စစ်မှုထမ်းသင်တန်းတွေအတွက် လျာထားချက်တွေအတိုင်း ပြည့်မီအောင် အလေးထားကြိုးပမ်းကြဖို့ စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးက ဖိအားပေးလိုက်ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောဆိုခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးက ထပ်မံဖွင့်လှစ်မယ့် စစ်မှုထမ်းသင်တန်းတွေအတွက် Time Frame တွေ သတ်မှတ်ဖြန့်ဝေပေးထားပြီး ဖြစ်တဲ့အတွက် စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွေကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် စာရင်းတွေနဲ့ စစ်ဆေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းစာရင်းကောက်ရာမှာ အသက်မပြည့်မီသူနဲ့ အသက်ကျော်လွန်သူတွေ မပါစေရေး၊ အတင်းအကြပ်စာရင်းသွင်းတာ၊ အစားထိုးပေးပို့တာတွေ မရှိစေရေး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မသမာမှုတွေကို အလေးထားကြပ်မတ်ဖို့ သူကပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကတော့ စစ်မှုထမ်းဖို့ လူခေါ်လို့ မရ တော့သလို ငွေပိုပေးမယ်ဆိုလည်း မလိုက်ကြတော့တဲ့အတွက် အရေးယူရင်လည်း ခံလိုက်တော့မယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။

“စစ်မှုထမ်းက လုံးဝကိုခေါ်မရတော့တာ။ ငွေပိုပေးမယ်ဆိုလည်းမလိုက်ကြဘူး။ အဲဒီတော့ ကျွန် တော်တို့ဘက်ကလည်း လူခေါ်မရကြောင်း တင်ပြတယ်။ လူမရှာပေးနိုင်လို့ အရေးယူမယ်ဆိုရင်လည်း ယူခံလိုက်တော့မယ်။ ထောင်ချမယ်ဆိုလည်း အချခံလိုက်တော့မယ်။ ကိုယ့်ဘက်က လူရဖို့လိုက်ရှာနေလည်း ကိုယ့်အသက်ကို အာမခံပေးမယ့်သူမရှိဘူး။ နုတ်ထွက်စာတင်ထားလည်း မပေးထွက်ဘူး။ ထောင်ကျရင်တောင် ပြန်လွတ်လာနိုင်သေးတယ်။ အသတ်ခံရရင်တော့ပြီးပြီ”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ထိုးစစ်တွေနဲ့ အင်အားယိုင်နဲ့လာနေချိန်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုနှစ်ဖေဖော်ဝါရီမှာ အသက်သွင်းခဲ့ပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ နဲ့ ၂ အတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး အပတ်စဉ် နှစ်ခုမှာ လူ ငယ် ၉၀၀၀ ဝန်းကျင် စစ်သားစုဆောင်းခံထားရတာပါ။

ပြီးခဲ့တဲ့ ဇွန်နှောင်းပိုင်းမှာ သင်တန်းဆင်းခဲ့ကြတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ တပ်သားတွေကို စစ်ကောင်စီက မိသားစုတွေထံ ပြန်လာဖို့ ခွင့်မပေးဘဲ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်အပါအဝင် ရှမ်းမြောက်နဲ့ ရခိုင်ကရှေ့တန်းတပ်စခန်းတွေဆီ တန်းပို့ခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်မှုထမ်းသင်တန်းဆင်းတွေကို အမည်နဲ့တကွ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသက တိုင်းစစ်ဌာနချုပ်‌တွေရဲ့ ကွပ်ကွဲမှုအောက်မှာရှိတဲ့ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေမှာ ခွဲဝေပြောင်းရွှေ့ဖို့ လျှိုဝှက်ညွှန်ကြားခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။

ဒီအခြေအနေတွေကြောင့် လာမယ့်အပတ်စဉ်တွေအတွက် စစ်မှုထမ်းလိုက်ဖို့ လျာထားတဲ့သူတွေတောင် ထွက်ပြေးသွားတာရှိသလို တချို့ကလည်း ငွေဘယ်လောက်ပေးပေး မလိုက်တော့ဘူးလို့ နောက်ထပ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“အရင်က နောက်အသုတ်တွေအတွက်လျာထားပြီး ပေးကျွေးထားတဲ့သူတွေတောင် လိုက်မယ်လို့ပြောထားသူတွေတောင် သွားပြန်ရှာတာခေါ်တာ အချို့ဆိုထွက်ပြေးသွားပြီ။ အချို့ကဘယ်လောက်ပေးပေး မလိုက်တော့ဘူးပြောတယ်။ အတင်းအဓ္ဓမခေါ်လို့ သတင်းထွက်လာရင် အသတ်ခံရမှာလည်းစိုးရတယ်။ လူရဖို့ကိုကတော့ ဘယ်လိုမှမလွယ်တဲ့ အခြေနေပဲ”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာမှာ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူး ပေါင်းကြဖို့ လိုတယ်လို့ ညွန်းကြားထားကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ တပ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းဖို့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၃ ခုအထိ သက် ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေရှိ လေ့ကျင့်ရေးကျောင်းတွေမှာ ဖွင့်လှစ်ခဲ့ပြီး လာမယ့်အပတ်စဉ်အတွက် တပ်သားသစ်စုဆောင်းဖို့ ညွန်ကြားလာနေတာ ဖြစ်ပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ တပ်အင်အားချိနဲ့လာနေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အား စုတွေရဲ့ ထိုးစစ်တွေကို ရပ်တန့်နိုင်ဖို့ လိုအပ်တဲ့ စစ်အင်အားတွေ ဖြည့်တင်းနိုင်ရေး တပ်သားသစ်တွေ မြန်ဆန်စွာသင်တန်းပေးပြီး ရှေ့တန်းပို့ဖို့ စီစဉ်နေတာလို့ သုံးသပ်ထားကြပါတယ်။

Most read this week

October 1, 2024
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့...
September 30, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ...
September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...