ချင်းတောင်ပိုင်း ၄ မြို့နယ်က ဒိုင်ရ်များ ပေါင်းစည်းရေး ဦးစားပေးလုပ်ဆောင်ရန် ချင်းပြည်ကောင်စီမှ နှုတ်ထွက်ဟု CDF- Daai ဆို

ချင်းတောင်ပိုင်း ၄ မြို့နယ်က ဒိုင်ရ်များ ပေါင်းစည်းရေး ဦးစားပေးလုပ်ဆောင်ရန် ချင်းပြည်ကောင်စီမှ နှုတ်ထွက်ဟု CDF- Daai ဆို

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝမြို့နယ် ၄ ခုက ဒိုင်ရ်မျိုးနွယ်စုများ ပေါင်းစည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က ချင်းလဲန်းကောင်စီအဖွဲ့ဝင်အဖြစ် နှုတ်ထွက်ကြောင်း CDF – Daai ဥက္ကဌ ဦးအောင်မင်းက ပြောသည်။

“ အဓိက လိုအပ်နေတဲ့ Daai မျိုးနွယ်စု စုစည်းရေးကို လက်တွေ့ကျကျ လုပ်ဆောင်ချင်လို့ CC (ချင်းပြည်ကောင်စီ) ကနေ နှုတ်ထွက်တာဖြစ်ပါတယ်။ ဒုတိယက Daai မျိုးနွယ်စုတွေ စုစည်းပြီးရင်တော့ ချင်းအမျိုးသား တည်ဆောက်ရေး အဆင့်ကို ပြန်လည်တက်လှမ်းလာဖို့ ရှိပါတယ်။ တတိယအချက်က CDF- Daai နဲ့ DRC အနေနဲ့က ချင်းအမျိုးသားဆင့်တည်ဆောက်ရေးကို အခြေခံကနေ လက်တွေ့ကျကျ တည်ဆောက်မယ့် အဖွဲ့စည်းနဲ့လက်တွဲဆောင်ရွက်ဖို့ရှိပါတယ်။ လက်တွေ့ကျကျလို့ ပြောတဲ့အခါမှာ ချင်းပြည်အတွင်းက အရှိတရားကို လက်ခံပြီးမှ မျိုးနွယ်စုတွေအားလုံး၊ ချင်းပြည်သူတွေ အားလုံးလိုချင်တဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှု ပေးနိုင်တဲ့ ချင်းအမျိုးသားတည်ဆောက်ရေးကို ဆိုလိုတာပါ” ဟု ဥက္ကဌ ဦးအောင်မင်းက ပြောသည်။

ဒိုင်ရ်မျိုးနွယ်စု၏ အုပ်ချုပ်ရေး အစုအဖွဲ့ အသီးသီးနှင့် ကာကွယ်ရေးတပ်ဖွဲ့ အသီးသီး တို့ကို ပြန်လည် စုစည်းသည့် ကာလအတွင်း ချင်းပြည်ကောင်စီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပါကြောင်း CDF- Daai အဖွဲ့မှ ချင်းပြည်ကောင်စီ ဥက္ကဌထံသို့ ဇူလိုင်လ ၁၂ ရက်က ပေးပို့သော နှုတ်ထွက်စာတွင်လည်း ဖော်ပြထားသည်။

ဒိုင်ရ်ဒေသနှင့် ဒိုင်ရ်မျိုးနွယ်စုတစ်ခုလုံး၏ နိုင်ငံရေးအခန်းကဏ္ဍနှင့် ပတ်သက်၍ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က ဦးဆောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း CDF- Daai က ထုတ်ပြန်လိုက်သည်။

လက်ရှိ ဒိုင်ရ်ဒေသ ပြည်သူ့အုပ်ချုပ်ရေး နယ်မြေနှင့် CDF- Daai ထိန်းချုပ်နယ်မြေသည် ဒိုရ်ဒေသနှင့် ဒိုရ်မျိုးနွယ်စုတစ်ခုလုံးကို လွှမ်းမိုးနိုင်မှု မရှိသဖြင့် ချင်းတောင်ပိုင်း၊ မြို့နယ် ၄ ခုက ဒိုင်ရ်မျိုးနွယ်စုများ ပူးပေါင်း၍ ဒိုင်ရ်ပြည်သူ့ ညီလာခံ ကျင်းပပြီး ဒိုင်ရ်ဒေသန္တရကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

“ဒိုင်ရ်က ချင်းလဲန်းကောင်စီကနေ နှုတ်ထွက်တာက ချင်းလဲန်းကောင်စီရဲ့ မူဝါနဲ့၊ ဖွဲ့စည်းပုံ ဥပဒေအပေါ်မှာ သဘောမကျလို့ နှုတ်ထွက်တာမျိုး မဟုတ်ပဲနဲ့ ၄ မြို့နယ်အတွင်းက ဒိုင်ရ်တွေ စုစည်းနိုင်ရေး အတွက်ကို ပြန်လည်ဆောင်ရွက်ဖို့ နှုတ်ထွက်တယ်လို့ ကျနော်တို့ မှတ်ယူလို့ ရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ၄ မြိုန့ယ်အတွင်းမှာ ပြန့်ကျဲနေထိုင်တဲ့ ဒိုင်ရ်တွေကို စုစည်းနိုင်ရေးအတွက် ပထမ ဦးစားပေး ဆောင်ရွက်နေတယ်လို့ ကြားသိရတဲ့အတွက် ချင်းလဲန်းကောင်စီကနေ နှုတ်ထွက်သွားတာဟာ ဒိုင်ရ်မျိုးနွယ်စုတွေ တစ်စုထဲ နေနိုင်ဖို့အတွက် ဦးတည်တယ်လို့ ကျနော်တို့ သဘောထားပေးနိုင်ပါတယ်” ဟု ချင်းလဲန်းကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

၂၀၂၄ မေလလယ်က ပထမအကြိမ် ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံကို ဒိုင်ရ်ကိုယ်စားလှယ်များက အောင်မြင်စွာ ကျင်းပခဲ့ပြီး ချင်းတောင်ပိုင်း ၄ မြို့နယ်ရှိ ဒိုင်ရ်နယ်မြေဒေသများ ပြန်လည်ပေါင်းစည်းရန် သဘောတူခဲ့ကာ ဒိုင်ရ်ဖွဲ့စည်းပုံနှင့် အခြေခံမူများ ရေးဆွဲအတည်ပြုခြင်း၊ ဒိုင်ရ်ဒေသန္တရကောင်စီကို ဖွဲ့စည်းခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝမြို့နယ်များအတွင်း ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်း ခံခဲ့ရသော ဒိုရ်နယ်မြေများကို ဒိုင်ရ်ဒေသန္တရကောင်စီ၏ ဦးဆောင်မှုဖြင့် အုပ်ချုပ်မှုတစ်ခုတည်းအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ဒိုင်ရ်ဒေသကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ၄ မြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒိုင်ရ်ဒေသန္တရကောင်စီက မေလ ၂၉ ရက်က သတင်းထုတ်ပြန်သည်။

ချင်းအမျိုးသား စည်းလုံးညီညွတ်ရေး၊ ချင်းပြည် တည်ဆောက်ရေးတွင် ဘက်လိုက်မှုမရှိဘဲ ချင်းတော်လှန်ရေးအင်အားစုများ အားလုံးနှင့် အတူတကွ လက်တွဲပူးပေါင်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပထမအကြိမ် ဒိုင်ရ်ပြည်သူ့ညီလာခံက ထုတ်ပြန်ထားသည်။

Most read this week

September 28, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/...
September 27, 2024
ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဆော -...
September 25, 2024
ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး...
September 24, 2024
မင်းတပ်မြို့နယ် တိုက်နယ်တချို့က ကျေးရွာများတွင် အိမ်မွေးကြက်နှင့် ဘဲများသည် ရောဂါလက္ခဏာမပြသဘဲ...