ပလောတပို စစ်ရှောင်စခန်း၌ ကူးစက်မြန် ဖျားနာဖြစ်ပွားမှုများနေ

ပလောတပို စစ်ရှောင်စခန်း၌ ကူးစက်မြန် ဖျားနာဖြစ်ပွားမှုများနေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ မြဝတီတောင်ဘက်ခြမ်း သောင်ရင်း မြစ်ဘေးရှိ ပလောတပိုစစ်ရှောင်စခန်း၌ ကူးစက်မြန်သည့်အသွင်ဖျားနာ ဖြစ်ပွားမှုများနေသည်ဟု စခန်းရှိ ဆေးတာဝန်ခံ စောကျော်ဦးက ပြောသည်။

အဆိုပါ ပလောတပိုစစ်ရှောင် စခန်း၌ စစ်ရှောင်များ ဖျားနာရောဂါဖြစ်ပွားနေသကဲ့သို့ စစ်ရှောင်စခန်းအနီးရှိ ကျေးရွာများ မှ ရွာသူ၊ ရွာသားများ ဖျားနာသည့်အတွက် ဆေးခန်းလာပြခြင်းများ လည်းရှိသည့်အတွက် ကူးစစ် မြန်သည့်အသွင်မျိုးတွေ့ရသည်ဟု ၎င်းက ယခုလိုပြောသည်။

“ဆေးခန်းလာပြတဲ့လူတွေကို စစ်တာ တစ်ယောက်တစ်လေ ငှက်ဖျားပိုးတော့တွေ့ရတယ်။ အနီးနားကျေးရွာက ဆေးခန်းလာပြသူ တွေကို အယောက်၂၀ ကျော်စစ်ရင် တစ်ယောက်၊နှစ်ယောက် ငှက်ဖျားပိုးရှိတယ်။ ဒါပေမယ့် တချို့က ငှက်ဖျားပိုးမရှိဘူး။ ကိုယ်ပူဖျားတယ် နှာချေတယ်။ ကိုဗစ်လိုဘဲ ဖြစ်ပွားနှုန်း မြန်တယ်။ ဘာရောဂါလဲ ဆိုတာတော့ ကျနော်တို့မှာ ပစ္စည်းကရိယာတွေမရှိတော့ စစ်လို့အဆင် မပြေဘူး” ဟု စောကျော်ဦးက ပြောသည်။

အဆိုပါ ပလောတပို စစ်ရှောင်စခန်းတွင် ငှက်ဖျားနှင့် ကိုဗစ်ရောဂါ စစ်ဆေးနိုင်သည့် ဆေးဘက်သုံး ပစ္စည်းများ ရှိသော်လည်း ကျန်ဖျားနာရောဂါအတွက် စစ်ဆေးနိုင်သည့် ဆေးဘက်သုံးပစ္စည်းများ မရှိဖြစ်နေသည်။ ထိုအတွက် ယခု ဖျားနားဖြစ်ပွားမှုများကို စစ်ဆေးရန် ခက်နေသလို ရာသီတုတ်ကွေး ဟုတ်မဟုတ် အတိအကျမပြောနိုင် ဖြစ်နေသည်ဟု စစ်ရှောင်ဆေးခန်းက ဆိုသည်။

ဆေးခန်းသို့ ရောက်လာသည့် လူနာအများစုတွင် ကိုယ်ပူခြင်း၊ အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း စသည့် ဝေဒနာများ ခံစားနေရပြီး အချို့ရောဂါ ပြင်းထန်ကာ ရက်ပေါင်းများစွာကြာ ကုသရသလို အရေးပေါ် လူနာများကို အောက်ဆီဂျင်ပေး ကုသရသည့်အထိ ရှိနေဟု ဆေးခန်းတာဝန်ရှိက ပြောသည်။

ယခုလို ကူးစက်မြန်သည့်အသွင် ဖျားနာနေမကောင်း ဖြစ်ပွားသူ များလာသည့်အတွက် စစ်ရှောင်စခန်းရှိ စာသင် ကျောင်းရှိ အငယ်တန်းများ စာသင်ကြားမှုများကို ယာယီပိတ်ထားကာ အကြီးတန်းကိုမူ ကျောင်းတက်ခွင့်ပြုထားသည်။

လက်ရှိ ပလောတပို စစ်ရှောင်စခန်းအပြင် ဖလူးကြီး၊ ဖလူးလေး၊ ပဟိကလော်ရွာနှင့် သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းပိုင်နက်တွင်ရှိသည့် တိုနွဲ့ကျေးရွာ ရွာသားအချို့လည်း ဖျားနာပြီး ဆေးခန်းသို ရောက်လာချိန်တွင် ဖျားနာ ဖြစ်သူ များကဲ့သို့ အသွင်တူ ရောဂါလက္ခဏာများ တွေ့ရသည်ဟု ဆေးခန်းတာဝန်ရှိသူများက အတည်ပြု ပြောသည်။

ပလောတပိုစစ်ရှောင်စခန်းသည် သောင်းရင်းမြစ်ဘေးတွင် တည်ဆောက်ထားသည့် စစ်ရှာင်စခန်းဖြစ်ပြီး ပလောတပို၊ ကဆောဝါးလေး၊ မယ်ထော်သလေး၊ လေးကေကော်၊ ဖလူး၊ ဝေါ်လေ၊ ရသေ့ဂူနှင့် အနီးနားဝန်းကျင်မှ လာရောက်တိမ်းရှောင်နေကြသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်ကာ လက်ရှိအချိန်တွင် စစ်ရှောင်သူ ၃,၀၀၀ ဦးကျော် နေထိုင်လျက် ရှိကြောင်း သိရသည်။

Most read this week

October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...