ဘဏ်ငွေထုတ်ယူမှု အခက်အခဲကြောင့် မွန်ပြည်နယ်မှာ ရော်ဘာအရောင်းအဝယ်ရပ်တန့်

ဘဏ်ငွေထုတ်ယူမှု အခက်အခဲကြောင့် မွန်ပြည်နယ်မှာ ရော်ဘာအရောင်းအဝယ်ရပ်တန့်

မွန်ပြည်နယ်အတွင်း ဘဏ်တွေမှာ ငွေသားထုတ်ပေးမှု ကန့်သတ်ချက်တွေနဲ့အတူ ငွေထုတ်ယူမှု အခက်အခဲတွေကြောင့် ရော်ဘာအရောင်းအဝယ် ရပ်တန့်သွားပြီလို့ ရော်ဘာရောင်းဝယ်ရေး လုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းက ပုဂ္ဂလိကဘဏ် ၇ ခုကို စစ်ကောင်စီဘက်က အရေးယူပြီးနောက် ဘဏ်တွေမှာ ငွေထုတ်ယူသူတွေ များပြားလာပြီး ဘဏ်တွေကနေ ငွေသားထုတ်ပေးမှု ကန့်သတ်လာတာကြောင့် ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့လာတာပါ။

ဘဏ်တွေမှာ လက်ကျန်ငွေနည်းပါးလာတာ၊ လုံခြုံရေးကြောင့် ငွေသားသယ်ယူပို့ဆောင်ဖို့ ခက်ခဲလာတဲ့ အခြေအနေတွေကြောင့် စပယ်ရှယ်အကောင့်လို့ခေါ်တဲ့ စစ်ကောင်စီလက်ထက် ဖွင့်လှစ်ထားတဲ့ အကောင့်တွေမှာတောင် ငွေသားအကန့်အသတ်နဲ့ ထုတ်ပေးနေတာပါ။

အဲဒီထုတ်ပေးရာမှာ ဘဏ်စာအုပ်တစ်လျှင် အနည်းဆုံး ကျပ် ၅ သိန်းကနေ အများဆုံး သိန်း ၂၀ လောက်အထိသာ ထုတ်ပေးနေတဲ့အတွက် ရော်ဘာအရောင်းအဝယ်လုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ ဘဏ်တွေမှာငွေသားကို လုပ်ငန်းရှင်တွေကအစ လိုသလောက် ထုတ်ယူလို့မရဘဲငွေသားအနည်းငယ်လောက်သာ ထုတ်ယူလို့ရတဲ့အတွက် ရော်ဘာအရောင်းအ ဝယ် ရပ်နားထားရတယ်လို့ ပြောပါတယ်။

“ဘဏ်အခြေအနေကြောင့် အရောင်းအဝယ်တွေ မဖြစ်ကြဘူး။ ပိုက်ဆံတွေ အများကြီးထုတ်လို့ မရဘူး။ လုပ်ငန်းရှင်လည်း ထုတ်လို့မရဘူး။ နည်းနည်းပဲရတယ်။ အဲဒီအခါကျတော့ ကျွန်မတို့ရော် ဘာရဲ့ ဝယ်ယူတဲ့တန်ဖိုးက မြင့်တဲ့အခါကျတော့ သူတို့ဘဏ်က ထုတ်ပေးတဲ့ ပိုက်ဆံနဲ့ အရောင်း အဝယ်လုပ်လို့ အဆင်မပြေကြဘူး။ တစ်ယောက်ကို ကျပ်သိန်း ၂၀ တို့ ၁၀ သိန်းတို့ အဲဒီလောက်ပဲ ထုတ်ပေးကြတော့ ရော်ဘာအရောင်းအဝယ်လုပ်လို့ မရတော့ဘူး”လို့ ဆိုပါတယ်။

တဖက်မှာတော့ ရော်ဘာလုပ်ငန်းရှင်တွေဟာ ရော်ဘာတွေကို သယ်ယူပို့ဆောင်တဲ့ နေရာမှာ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်တွေမှာ အထောက်အထားမပါရင် မြို့နယ်ဖြတ်ကျော် သွားလာခွင့်မပြုဘဲ ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် သယ်ယူပို့ဆောင်ဖို့ အခက်အခဲ ရှိလာတာပါ။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ စိုက်ပျိုးရေးထွက်ကုန်တွေဟာ ဥပဒေအရ လွတ်လပ်စွာ သယ် ယူရောင်းချခွင့်ရှိပေမယ့် စစ်ကောင်စီရဲ့ တိုင်းနဲပြည်နယ်အဆင့် ထပ်ဆင့်အမိန့်တွေကြောင့် သယ် ယူပို့ဆောင်တဲ့နေရာမှာ အခက်အခဲရှိလာတယ်လို့ ပြောပါတယ်။

“ဂိတ်တွေ ဂိတ်တွေတိုင်းမှာတော့ အရင်တုန်းကတော့ ကျွန်တော်တို့ ဥပဒေအရကိုက စိုက်ပျိုးရေးထွက်ကုန်ဆိုလို့ရှိရင် လွတ်လပ်စွာ သယ်ယူရောင်းချခွင့် ရှိပေမယ့်လည်း တိုင်းဒေသကြီးတွေ၊ ပြည် နယ်တွေရဲ့ သူတို့ရဲ့ ထပ်ဆင့်အမိန့်ကြော်ငြာစာတွေ ရှိတဲ့အခါကျတော့ သယ်ယူပို့ဆောင်တဲ့ နေရာမှာတော့ နည်းနည်းလေးတော့ စာတွေအပေါ်မူတည်ပြီး ဂိတ်တွေမှာပေးရကမ်းရတဲ့ ပြသနာတွေ ရှိလာတာပေါ့”လို့ ဆိုပါတယ်။

ရော်ဘာတွေကို သယ်ယူပို့ဆောင်တဲ့နေရာမှာ အထောက်အထား မပြည့်စုံပါက စစ်ကောင်စီဂိတ်တွေက ငွေ ကြေးအဆမတန် တောင်းခံနေတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုမိုကုန်ကျနေရတဲ့အတွက် အကျိုးအမြတ်နည်းပြီး အရောင်းအဝယ် ရပ်တန့်နေရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် လက်ရှိကာလဟာ ရော်ဘာရာသီ ရပ်နားချိန်ဖြစ်တာကြောင့် ရော်ဘာတစ်ပေါင်ကို ကျပ် ၂၄၀၀ ဝန်းကျင်ထိ ဈေးကောင်းရနေပေမယ့် ဘဏ်တွေမှာ ငွေသားထုတ်ယူရ အခက်အခဲကြောင့် အရောင်းအဝယ် ရပ်တန့်နေတာပါ။

ပြည်နယ်ထွက်ရော်ဘာတွေကိုတော့ တရုတ်နိုင်ငံက အများဆုံးဝယ်ယူနေပြီး သယ်ယူပို့ဆောင်ရ အခက်အခဲနဲ့ ဘဏ်ငွေထုတ်ယူရ အခက်အခဲတွေကြောင့် ရော်ဘာတင်ပို့နိုင်မှုတွေကလည်း သိသိသာသာ လျော့ကျလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်ဟာ နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံး စိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ရော်ဘာစိုက်ပျိုးမှုအနေနဲ့ ဧကပေါင်း ငါးသိန်းကျော်ရှိကာ နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေပါတယ်။

Most read this week

October 1, 2024
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့...
September 30, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ...
September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...