ရေဘေးသင့်ခဲ့တဲ့ ဝိုင်းမော်မှာ နေအိမ်ပျက်စီးမှုတွေများပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေ

ရေဘေးသင့်ခဲ့တဲ့ ဝိုင်းမော်မှာ နေအိမ်ပျက်စီးမှုတွေများပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရေဘေးသင့်ခဲ့တဲ့ကျေးရွာတစ်ချို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ဝိုင်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အမြင့်ပိုင်းကျတဲ့ရပ်ကွက်တစ်ချို့ပါရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး နေအိမ်၊အိမ်သာအများအပြား ထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။

“ဝိုင်းမော်မြို့ထဲမှာဆိုရင်တော့ ရပ်ကွက်၅အထိရှိတယ်။ ဝိုင်းမော်မြို့ထဲကရေဘေးသင့်ပေမဲ့ အဲ့လောက်ထိ အခက်အခဲမရှိဘူး။ အဓိကကတော့ခတ်ချိုရွာပဲ ရွာသူရွာသားတွေတော်တော်လေးဒုက္ခရောက်ကြတယ်။ အိမ်သာတွေအားလုံးမျှောပါသွားတာတွေရှိတယ်။ အိမ်ခြံစည်းရိုးတွေရောပေါ့။ အခုက သန့်ရှင်းရေးလုပ် တာတွေလည်းခက်ခဲနေကြတယ်။” လို့ဝိုင်းမော်မြို့နယ်ထဲက လူမှုကူညီရေးအသင်းတစ်ဖွဲ့ကတာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။

အထူးသဖြင့်တော့ ဝိုင်းမော်မြို့နယ်မြစ်ကမ်းဘေးကရွာတွေရပ်ကွက်တွေရေဘေးသင့်ခဲ့ရပြီး ခတ်ချိုရပ်ကွက် နဲ့ နောင်တာလောကျေးရွာတို့မှာ နေအိမ်၊အဆောက်အဦးတစ်ချို့ပျက်စီးမှု နဲ့ မျှောပါသွားတာတွေပါရှိခဲ့တယ် လို့ နောက်ထပ် ဝိုင်းမော်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“နေအိမ်တွေပါသွားတာကတော့ နောင်တာလောဘက်ပဲ ပြီးတော့ ခတ်ချိုဘက်ကပျက်စီးဆုံးရှုံးမှုတွေ များတယ်။ ရေဘေးကိုအဓိကကြုံတာက ခတ်ချိုပဲ ဘာလို့လဲဆိုတော့ရေလမ်းကြောင်းနဲ့ကွက်တိဖြစ်နေလို့ ထူထောင်ရေး တွေလည်းအခုမှကြိုးစားကြတုန်းပေါ့ ခတ်ချိုဘက်ဆို ကားအသေးနဲ့ဆိုမနည်းရုန်းရတယ်။ အခုကတော့ကိုယ်ထူကိုယ်ထနဲ့ပဲ သောက်ရေတို့ဘာတို့နဲ့ထမင်းထုပ်တွေတော့လာကူကြပါတယ်”လို့ပြောပါတယ်။

ဝိုင်းမော်မြို့ပေါ်ကရပ်ကွက်တစ်ချို့နဲ့ ကျေးရွာတစ်ချို့ကတော့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့ ပျက်စီး ဆုံးရှုံးမှုကြီးကြီးမားမားမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ရေတက်တဲ့ကာလအတွင်းမှာ ဒေသခံတွေဟာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်းမရှိတဲ့အတွက် အကူအညီတစ်စုံတစ်ရာမရကြသလို တစ်ချို့ဒေသခံတွေဆိုရင်ရေမကျမချင်းအိမ်ခေါင်မိုးပေါ်မှာပဲ နေထိုင်ခဲ့ရသူတွေပါရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရေကျပြီးတဲ့ကာလမှာလည်း ပြန်လည်ထူထောင်ရေးအတွက်အကူညီများစွာလိုအပ်နေပြီး ရေကြီးပြီးခံစားရတဲ့ ကျန်းမာရေးပြဿနာကိုလည်း ဒေသခံတွေရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုလောလောဆယ်တော့ ကျန်းမာရေးပဲပြန်ဖောက်နေကြတယ်။ ရေကြီးပြီးနောက်ပိုင်း ဝမ်းလျှော ဝမ်းပျက်ပြဿနာကတော့ဖြစ်နေကျပဲလေ။ အိမ်သာတွေဆိုလည်း ပြန်လုပ်ရမယ်။ တော်တော်များများ ဖြစ်ကြတယ် ကျန်းမာရေးပြဿနာက “လို့ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ဟာ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးခဲ့တဲ့ မြစ်ကြီးနားမြို့တစ်ဖက်ကမ်းမှာပဲတည်ရှိ တာဖြစ်ပြီး မြစ်ကြီးနားမြို့လိုပဲ ရေဘေးသင့်ဒဏ်ကြောင့်ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။

ဒါပေမဲ့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းအခက်အခဲတွေကြောင့်အကူညီတွေမရပဲ ဆုံးရှုံးမှုမှန်သမျှကို ကိုယ်ထူ ကိုယ်ထပဲလုပ်ဆောင်နေကြရတာလို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေကဆိုကြပါတယ်။

ဝိုင်းမော်မြို့နယ်ဟာ ပြီးခဲ့တဲ့ မတ်လကနေ ရေမကြီးခင်ကာလတွေအထိ စစ်ပွဲကြောင့်ဒေသခံတွေ ကြောက် လန့်နေခဲ့ကြရသလို တစ်ချို့ဘေးလွှတ်ရာတွေပါထွက်ပြေးခဲ့ကြရပြီး ရေဘေးဒဏ်ပါထပ်ပြီးကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...