တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ မပြုလုပ်ရန် KNU/KNLA-PC နှင့် DKBAတို့ အမိန့်ညွှန်ကြားချက်ထုတ်

တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ မပြုလုပ်ရန် KNU/KNLA-PC နှင့် DKBAတို့ အမိန့်ညွှန်ကြားချက်ထုတ်

ကရင်-ထိုင်းနယ်စပ် မြဝတီမြို့ပေါ်ရှိ မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စများတွင် တပ်ဖွဲ့ဝင်များ အနေဖြင့် လုံးဝမပြုလုပ်ရန် ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC နှင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBAအဖွဲ့တို့က ဇူလိုင်လ ၁၀ ရက်၊ ယနေ့ရက်စွဲဖြင့် အမိန့်ညွှန်ကြားစာ အသီးသီးထုတ်ပြန်လိုက်သည်။

မြဝတီမြို့ပေါ်ရှိ လောင်းကစားလုပ်ငန်းများတွင် ၎င်းတို့တပ်ဖွဲ့အနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိသော် လည်း တပ်ဖွဲ့ဝင်တစ်ဦးတစ်လေ ဂိမ်းရုံလုပ်ငန်းလုပ်ကိုင်မှုရှိသည့်အတွက် ၎င်းဂိမ်းရုံများအားပိတ်သိမ်း ပေးရန်နှင့် မူးယစ်ဆေးဝါးလုပ်ကိုင်ခြင်း မပြုလုပ်ရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း KNU/ KNLA-PC ၏ မြဝတီမြို့ ကုန်သွယ်ရေးနှင့် ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဒုဗိုလ်မှူးကြီးအယ်ဒိုက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အခု မြဝတီမြို့မှာဆိုရင် DKBA၊  BGF နဲ့ PC ဘယ်အဖွဲ့မှ လုပ်လို့မရတော့ဘူး။ ဘာဖြစ်လဲဆိုရင် လုပ်ရင်ပြဿနာဖြစ်တယ်လေ။ လောင်းကစားရဲ့အနောက်မှာ မူးယစ်ဆေးဝါးရောင်းဝယ် လုပ်တာရှိ တယ်လေ။ ဒါကြောင့် ကျနော်တို့က လူငယ်တွေ ပျက်စီးမှာစိုးလို့ လောလောဆယ် မြဝတီမြို့ ကျနော်တို့ ဆက်ဆံရေးရုံးလက်အောက်မှာဆိုရင် ဂိမ်းဆိုင်တစ်ခုမှမရှိဘူး။ ဘယ်လိုဖြစ်ဖြစ် မရှိလည်း ထုတ်ပြန်ရမှာပဲ ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ အမိန့်ညွှန်ကြားချက်စာကို KNU/KNLA-PC ဗျူဟာ၊ တပ်ရင်း၊ ဌာနဆိုင်ရာများအားလုံးကို လိပ်မူ၍ စစ်ကောင်စီတပ် ရှေ့တန်းတပ်မ (၄၄)၊ မြဝတီရှေ့တန်းရုံး၊ စစ်ကောင်စီ လက်အောက်ခံ မြဝတီခရိုင်ရဲ တပ်ဖွဲ့မှူး၊ မြို့မရဲစခန်း၊ BGF ကွပ်ကဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေးရုံး နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA အဖွဲ့တို့အား မိတ္တူအဖြစ် ပေးပို့ထားသည်ကို တွေ့ရှိရသည်။

လောင်းကစားနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကြောင့်မြဝတီမြို့တွင် ကား၊ ဆိုင်ကယ် ခိုးယူခံရမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကာ အချို့မှာခိုးယူသည့် ပစ္စည်းများကို မူးယစ်ဆေးဝါးနှင့် ပြန်လည်လဲလှယ် အသုံးပြုသည့် ဖြစ်စဉ်များ အဖြစ်များလာကြောင်းလည်း ဒုဗိုလ်မှူးကြီး အယ်ဒိုက ပြောသည်။

 “ ဘာဖြစ်လဲဆိုရင် အဓိက မူးယစ်ဆေးဝါးတွေက ဂိမ်းရုံကနေထွက်လာတာဖြစ်တယ်။ ဂိမ်းရုံရှိရင် မူးယစ်ဆေးဝါးက ရှိကိုရှိတယ်။ တကယ်လို့ ဂိမ်းရုံတွေပိတ်ရင်တော့ မူးယစ်ဆေးဝါးက နည်းနည်းတော့ လျော့နည်းလာမယ်ပေါ့၊ မရှိတော့ဘူးလို့တော့ပြောလို့မရဘူး။ နည်းနည်းတော့နည်းသွားမယ်ပေါ့နော်။ ” ဟု ဒုဗိုလ်မှူးကြီးအယ်ဒိုက ဆက်ပြောသည်။

ထို့ကြောင့်  KNU/KNLA-PC ဗဟိုဌာနချုပ်မှ ထုတ်ပြန်ထားသည့် စည်းကမ်း ဥပဒေအရ မိမိတို့ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စများအား လုံးဝမပြုလုပ်ရန် တားမြစ် ထားသည့်အတွက် အမိန့်နာခံမှုမရှိဘဲဖောက်ဖျက်နေပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ထို အမိန့်ညွှန်ကြားချက်စာတွင် ဖော်ပြပါရှိသည်။

ယနေ့နံနက်တွင်လည်း မြဝတီမြို့ပေါ်ရှိ ဂိမ်းရုံ ၅ ခုကို လက်နက်ကိုင်တပ်ဖွဲ့များက ထပ်မံဝင်ရောက် ဖမ်းဆီးမှုလုပ်ဆောင်ရာတွင် စိတ်ကြွရူးသွပ်ဆေးပြား (ရာဘ) ၈၀၀၀ (ရှစ်ထောင်)ကျော် ဖမ်းဆီးရမိပြီး ၎င်းဖမ်းဆီးရရှိမိသည့် မူးယစ်ဆေးဝါးနှင့် ဂိမ်းရုံလုပ်ငန်းလုပ်ကိုင်သူများအားလုံးကို BGFအဖွဲ့ ထိန်း ချုပ်ရာ ရွှေကုက္ကိုလ်မြို့သို့ ပို့ဆောင်ထားလိုက်သည်ဟုလည်း ဒုဗိုလ်မှူးကြီး အယ်ဒိုက ဆိုသည်။

နယ်စပ်မြို့တစ်မြို့ဖြစ်သော မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားရုံများတွင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်မှုရှိနေဆဲဖြစ်ကြောင်းလည်း မြို့ပေါ်ရှိ အမည်မဖော်လိုသူ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြဝတီမြို့ပေါ်တွင် စစ်ကောင်စီတပ်အပါအဝင် ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC တပ်ဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA တပ်ဖွဲ့တို့ လှုပ်ရှားလျက်ရှိသည်။

ထို့အတူ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA အဖွဲ့ကလည်း မြဝတီမြို့ပေါ်ရှိ ဂိမ်းဆိုင်များ ပိတ် သိမ်းရန်နှင့် တပ်ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ လုပ်ဆောင် ခြင်း လုံးဝမပြုလုပ်ရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားသလို ၎င်းအမိန့်ညွှန်ကြားချက်ကို ဖောက်ဖျက်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းလည်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ကလည်း မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းရုံနှင့် အွန်လိုင်း လောင်းကစားဂိမ်းရုံများအားလုံး ပိတ်သိမ်းပေးရန် ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့တွင် သတိပေး ထုတ်ပြန်ကြေညာပြီး နောက်တစ်ရက် ဇွန်လ ၂၇ ရက်နေ့တွင် မြို့ပေါ်ရှိ ဂိမ်းရုံအချို့ကို ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သေးသည်။

Most read this week

October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...