လားရှိုးမှာ ၅ ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံး

လားရှိုးမှာ ၅ ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံး

ရှမ်းမြောက် လားရှိုးမြို့ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ၅ ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိထားသူတွေလည်းရှိတယ်လို့ ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရပါတယ်။

ဇူလိုင် ၇ ရက်နေ့ မနေ့ည ၁၀ နာရီခွဲလောက်မှာ လားရှိုးမြို့ ရပ်ကွက် ၄ နယ်မြေ ၉ တိုက်တန်းနား ရှော့တိုက်ဒုံးလို့ယူဆရတဲ့ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲပြီး ညီအစ်ကို ၃ ဦး ထိခိုက်ကာ တစ်ဦးသေဆုံးတယ်လို့ ဒေသခံများပြောပါတယ်။

“မနေ့ည ရှော့တိုက်ဒုံးပစ်တဲ့ဟာ ည ၁၀ နာရီခွဲလောက်မှာ အိမ်တစ်အိမ်ထိသွားတာ။ အိမ်တစ်အိမ်ထိတော့ ယောက်ျားလေး ၃ ယောက်ရှိတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရတယ် တစ်ယောက်က ဆုံးသွားတယ်။ ထိခိုက်တဲ့သူတွေက ဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး တစ်ယောက်က ခြေထောက်ထိ၊ တစ်ယောက်က မျက်နှာတွေမှာထိတယ်။”လို့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

ညီအစ်ကို ၃ ဦးထဲမှာ အသက် ၄၇ အရွယ်အငယ်ဆုံးဖြစ်သူ သေဆုံးသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့နှစ်ဦးက အကြီးဆုံး အသက် ၅၅ ဝန်းကျင်နဲ့ အလတ် အသက် ၅၂ နှစ်တို့ဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။

ဒါပေမယ့် ဇူလိုင် ၈ ရက်နေ့ ဒီမနက်ပိုင်းအထိတော့ လားရှိုးမြို့အနီး လက်နက်သံတွေ ယာယီငြိမ်သက်နေပြီး ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက် မြို့ထဲကနေ မန္တလေး ၊ တောင်ကြီးတွေဘက်ကို ထွက်ခွာနေကြတယ်လို့ သိရပါတယ်။

“မြို့ထဲကနေ အကုန်တတ်နိုင်သလောက်ထွက်နေကြတယ်။ မနေ့ညထိ တော်တော်လေးအခြေအနေဆိုးတယ်။ အခုတော့ အားလုံးမြို့ပြင်ကိုထွက်နေကြတဲ့အချိန် သူတို့ပေးထွက်ဖို့အချိန်များလားမသိဘူး လောလောဆယ်ငြိမ်နေတယ်။ ဆက်တိုက်တလီလီထွက်နေကြတယ်။ နောက်ထပ် ဒုတိယလှိုင်းလို့ပြောရမှာပေါ့။ မန္တလေး၊ တောင်ကြီးအများဆုံးပဲ။ လမ်းခရီးကတော့ လမ်းမှာ ၂ ည ၊ ၃ ည အိမ်နေရတယ်။ အခုစစ်ရှောင်တွေအများကြီးပဲ အစပိုင်းတော့ပေတေနေကြပေမဲ့ အခုတော့မနေနိုင်တော့ဘူး အကုန်ဆင်းလာကြပြီ။”လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံအားလုံးနီးပါး မြို့ထဲကနေ ဆက်တိုက်ထွက်ခွာနေတာဖြစ်ပြီး မယ်ဟန်ဂိတ်ကနေ လားရှိုးမြို့တော်ခန်းမအောက်ဘက် ပန်းခြံလောက်ထိ ကားတွေတန်းစီပြီးကြပ်နေတဲ့အတွက် ပြည်သူသောင်းချီပိတ်မိနေတယ်လို့ သူကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အနီး မိုင်းရယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်အကြားတိုက်ပွဲဆက်တိုက်ပြင်းထန်နေတာဖြစ်ပါတယ်။

ဇွန်လ ၇ ရက်နေ့ မနေ့ညထိတော့ စစ်ကောင်စီ ခမရ ၅၀၇ တပ်စခန်းမှာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကာ ၅၀၇ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်တွေဘက်က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဒေသခံတွေအကြား သတင်းကြားထွက်ပေါ်လာပေမဲ့ KNG သတင်းဌာအနေနဲ့ အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက်(၁) ဗျူဟာလမ်းထဲကနေအိမ်တစ်အိမ်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ထမင်းစားဖို့ပြင်နေတဲ့ မိသားစု ၆ ဦးသေဆုံးခဲ့ရပါတယ်။

တစ်ဆက်တည်း အဲဒီနေ့ ညနေပိုင်းမှာပဲ လားရှိုးမြို့ ရပ်ကွက်(၅)ထဲကို လက်နက်ကြီးထပ်ကျတာကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

အလားတူ ဇူလိုင်လ ၃ ရက်နေ့ မနက်မှာပဲ လားရှိုးမြို့အနီး နမ့်ပေါင်ရွာမှာလည်း လက်နက်ကြီးထိမှန်ပြီးအမျိုးသမီးတစ်ဦးသေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာထပ်ပြီးရရှိခဲ့တဲ့အပြင် ဇူလိုင်လ ၄ ရက်နေ့မှာတော့ လားရှိုးမြို့ ရက်ကွက် ၉ နယ်မြေ ၃ ထဲကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သားအမိ ၂ ယောက် ထပ်မံသေဆုံးခဲ့ရပါတယ်။

KNG က စုံစမ်းသိရှိရသလောက် နှစ်ရက်အတွင်း လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးလို့ယူဆရတဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး ၆ ဦး ၊ ကလေးငယ် ၆ ဦးနဲ့ အမျိုးသား ၅ ဦးစုစုပေါင်း အရပ်သား ၁၇ ဦး ထိခိုက်သေဆုံးတဲ့အပြင် အဆောက်အဦးနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုလည်း များစွာရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ ညကစပြီး ကိုးကန့်တပ် MNDAA က လားရှိုးမြို့ကို ထိုးစစ်ဆင်ဝင်ရောက်လာကာမြို့ထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်းလက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်နေတဲ့အပြင် မြို့အနီးရှိကျေးရွာတွေမှာလည်းတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ သိန္နီမြို့လိုနေရာတွေကိုလည်း လေကြောင်းနဲ့ ဗုံးကြဲတာတွေပါ လုပ်ဆောင်လာတာကြောင့် ညီနောင်မဟာမိတ်တွေ ထိန်းချူပ်ထားတဲ့ မြို့တွေမှာ နေထိုင်နေတဲ့ ဒေသခံပြည်သူတွေလည်း လေကြောင်းသတိထားပြီး နေထိုင်နေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်ထဲမှာ တရုတ်နဲ့ဆက်သွယ်ရာမှာ အဓိက အသက်သွေးကြောက လားရှိုး–ကွက်ခိုင်–မူဆယ်လမ်းဖြစ်တယ်။ ဒါကြောင့် စစ်တပ်ဘက်က လားရှိုးမှာလည်း ဒရုန်းအများကြီးချပြီး စစ်ဆင်ရေးပြင်ဆင်နေတာကြာပြီ။ ဒီလမ်းပိုင်းကို ရအောင်ယူဖို့ကြိုးစားလာသလို လုပ်လာလို့ ကျနော်တို့ တော်တော်သတိနဲ့နေခဲ့တယ်။ အခုတော့ လားရှိုးနဲ့အောက်ဘက်ပိုင်းတိုက်ခိုက်နေတော့ အဓိကစိုးရိမ်နေရတာက လေကြောင်းပါပဲ”လို့ကွတ်ခိုင်ဒေသခံတစ်ဦးကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက် တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြားအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က ညီနောင်မဟာမိတ်တွေရှိတဲ့ဘက်ကို လက်နက်ကြီးအပါအဝင် လေကြောင်းနဲ့ အကြိမ်ကြိမ်လာရောက်ပစ်ခတ်တာတွေပြုလုပ်တာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအဖြစ် တစ်ဖန်ပြန်လည် စတင်နေတာဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...