လွိုင်ကော်တွင် စစ်ရေး တင်းမာနေ

လွိုင်ကော်တွင် စစ်ရေး တင်းမာနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းအချို့အား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြားတိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပြီး စစ်ရေးအခြေအနေက ဆက် လက်တင်းမာလျှက် ရှိသည်။

ဇူလိုင်လ ၄ ရက်နေ့က လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်၊ ကြည်သာယာနှင့် မိုင်းလုံးရပ်ကွက်တို့ထဲရှိ စစ်ကောင်စီ အထိုင်ချနေသည့် စခန်းများကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းသည်။

ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “မိုင်းလုံးမှာ ဖြစ်တယ်။ ၁၁ တိုက် အကြီးကြီးတစ် လုံး ရှိတယ် အဲ့ဒီနေရာမှာ ဖြစ်တယ်။ ရွာတန်းရှည်မှာ ဖြစ်တယ်။ နမ့်ဘော်မှာ ဖြစ်တယ် မနေ့။ ဖြစ်တဲ့နေရာက ၃-၄ နေရာနော်။ မောင်းထုတ်တာကို ဝင်လာတော့ ပြန်တိုက်တယ် လေ။ အဲ့လိုပဲ ရှိမှာပေါ့။ ကျနော်တို့ နယ်မြေ အခြေအနေက များသောအားဖြင့် မြို့မှာပဲ ဖြစ်တယ်။ တောမှာတော့ မရှိတော့ဘူးနော်။ လွိုင်ကော်မှာ ဖြစ်တာ က သူတို့နည်းနည်း ချဲ့ထားတဲ့နေရာမှာ ကျနော်တို့ ဝင်ပြီးမှ တိုက်တယ် လေနော်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်ကျဆုံးမှုများ ရှိနိုင်သော်လည်း အတိအကျ မသိနိုင်သေးဘူးဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

“ထိခိုက်မှုက ကျနော်တို့ဘက်မှာတော့ တစ်ယောက်၊ နှစ်ယောက်တော့ နာတာပေါ့နော်။ ကျနော်တို့ KNDF ဘက်မှာ ရှိတယ်။ ဟိုဘက်လည်း ရှိမယ်လေ။ ကျနော်တို့လည်း ဘယ်လိုလုပ်ကောက်လို့ရမလဲ။”

ထိုဖြစ်စဉ်အတွင်း အရပ်သားထိခိုက်မှုများရှိခဲ့သည့်အပြင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ ရဲဘော်တစ်ဦးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်ဟု ကရင်နီအခြေစိုက် ကန္တာရဝတီတိုင်း (မ်) သတင်းဌာန၏ သတင်းအရလည်း သိရသည်။



စစ်ကောင်စီတပ်၏ စခန်းများကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြသည်။

ဇူလိုင်လ ၄ ရက်နေ့က နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် နေရာမှာ လွိုင်ကော်အခြေစိုက် အမှတ် ၅၄ ခြေလျင်တပ်ရင်းနှင့် နီးသည်ဟုလည်း ရှေ့တန်းသတင်းအရင်းအမြစ်က ဆိုသည်။

လွိုင်ကော်မြို့တွင်း ဇူလိုင်လ ၅ ရက်နေ့ အခြေအနေနှင့် ပတ်သက်၍ “တိုက်ပွဲက မနေ့ကတော့ ပြင်းထန်တယ်၊ အခုတော့ ငြိမ်နေတယ်ပေါ့။ စစ်တပ်က ခုခံတာတော့ မရှိတော့ဘူး ဒါပေမယ့် သူတို့အနေနဲ့လည်း အခြေအနေ စောင့်ကြည့်နေတယ်။ ကျနော်တို့လည်း စောင့်ကြည့်နေတယ်။ စစ်ကောင်စီက လှုပ်ရှားမှု မရှိပါဘူး။ သူတို့ စခန်း ပတ်ဝန်းကျင်မှာပဲ ထွက်ပြီးတော့ ကင်းထောက်လုပ်တာ ကင်းလှည့်တာပဲ ရှိတယ်လေ။ တကယ် ကြီးကြီး ကျယ်ကျယ် လှုပ်ရှားမှု မရှိပါဘူး” ဟု ပြောသည်။

ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ ယနေ့ ဇူလိုင်လ ၅ ရက်နေ့အထိ လွိုင်ကော်မြို့ အနီးတဝိုက်တွ် လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရသောကြောင့် ပြည်သူအချို့မှာ မြို့မှပြန်လည်ထွက်ခွာနေကြပြီဟု ဆိုသည်။

လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်တွင် နှစ်ဖက်ကြား စစ်ရေးအခြေအနေများက တင်းမာနေဆဲ ဖြစ်ပြီး တိုက်ပွဲများ လည်း အချိန်မရွေးဖြစ်လာနိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်။

ထို့ကြောင့် ပြည်သူများကို နေရပ်၌ ပြန်မနေကြသေးရန် အသိပေး ပြောဆိုထားသော်လည်း ၎င်းတို့၏ ရပ်ရွာ၊ အိုးအိမ်များကို စိတ်မချ၍ ပြန်လာသူများ ရှိနေ၍ တိုက်ပွဲများ အရပ်သားပြည်သူများ မထိခိုက်အောင် သတိထား နေရသည်ဟု ကရင်နီတော်လှန်ရေး ပူးပေါင်းတပ် တာဝန်ရှိသူများက ပြောသည်။

Most read this week

October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...
October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...