မိုးကုတ်တွင် ဒရုန်းဗုံးကြောင့် အရပ်သား ၂ ဦး သေဆုံး

မိုးကုတ်တွင် ဒရုန်းဗုံးကြောင့် အရပ်သား ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ နှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၅ ရက်နေ့  နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်တွင် မိုးကုတ်မြို့နယ် အနောက်ဘက်ခြမ်းရှိ ဘောလုံး ကြီးကျေးရွာထဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်။

မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “ဂွေးပင်တပ်စခန်းကနေ ဒရုံးနဲ့ ဗုံးကြဲတာ။ အဲ့ဒီဂွေးပင်တပ်စခန်းနဲ့ ကျမတို့ ရွာနဲ့ဆိုရင် ဆိုင်ကယ်နဲ့က မိနစ် ၂၀ လောက်ပဲ ဝေးတာ။ အသိရဲ့ အဖွားအိမ်မှာကျတာ။ အိမ်ရဲ့ မီးဖိုချောင်မှာ ကျတာ။ လေဖြန်းနေတဲ့ အစ်ကိုကို ညီမက လာကြည့်တဲ့အချိန် မီးဖိုချောင်မှာ ထမင်းစားနေတာ အဲ့ဒါသူတို့ အပေါ်ကို တည့်တည့်ကျတာ။ အဲ့မှာ အစ်ကိုဖြစ်သူရယ်၊ သူ့ညီမရယ် ဆုံးသွားတာ။ ရှေ့ရက်တွေတော့ အဲ့လို မရှိဘူး။ အဲ့ဒါ ဒီနေ့မှာ ကြဲတာ။ အဲ့ဒီရွာက ပလောင်ရွာ (တအာင်းရွာ)ပေါ့နော်” ဟု ပြောသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲခံရမှုကြောင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး သေဆုံးသွားသည့်အပြင် နေအိမ်မီးဖို ချောင်လည်း ပျက်စီးသွားသည်ဟု ဆိုသည်။

မိုးကုတ်မြို့ အနောက်ပိုင်းဒေသများရှိ စစ်ကောင်စီတပ်၏ စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ (အနောက်ပိုင်း) ၏ မြင်ကွင်း ဓါတ်ပုံများကို TNLA ပြန်ကြားရေးဘက်က ယနေ့ရက်စွဲနှင့် ထုတ်ပြန်လာသည်။

အဆိုပါ ဓာတ်ပုံမှတ်တမ်းထဲတွင် စစ်မြေပြင်အတွင်း ကွင်းဆင်းနေသည့် TNLA ၏ ဒု-စစ်ဦးစီးချုပ် တားမုံကျော့ နှင့် တာဝန်ရှိသူများ၊ MDY PDF တပ်ဖွဲ့မှ တပ်မှူးအချို့ကိုလည်း တွေ့ရသည်။

လက်ရှိ မြို့တွင်း အခြေအနေနှင့် ပတ်သက်၍ မြို့ခံတစ်ဦးက “အနောက်ပိုင်းကတော့ ငြိမ်တယ်။ ဒရုန်းက မြို့ထဲ ကြဲတာမဟုတ်တော့လေ ဘောလုံးကြီးမှာ ကြဲသွားတာကို မြို့ထဲက လူတွေကမသိကြသေးဘူး။ အနောက်ပိုင်း မှာက ဂွေးပင်မှာ စစ်သားတွေရှိသေးတယ်။ ပြီးရင် ၁၄၈ တပ်လည်း ရှိသေးတယ်။ အခုသိမ်းတာက အနောက် ပိုင်း မြို့ပေါ်မှာ ရှိတဲ့ စစ်တပ်စခန်းတွေကိုပဲ သိမ်းတာ၊ မြို့ပြင်တွေက မသိမ်းသေးဘူး” ဟု ပြောသည်။

မိုးကုတ်မြို့ အနောက်ပိုင်းဒေသကို TNLA ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း မြို့ပြင် နေရာများနှင့် မိုးကုတ်မြို့ အရှေ့ပိုင်းဒေသကိုမူ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးဘူးဟု ဆိုသည်။

အဆိုပါ မြို့ခံက “အရှေ့ပိုင်းမှာကျတော့လေ စစ်တပ်က သွားလာပြီး တပ်စွဲထားတယ်။ မိုးကုတ်မြို့က တောင် တွေရှိတော့လေ အဲ့ဒီတောင်တွေက ဘုရားတွေပေါ်မှာ သူတို့တပ်စွဲတယ်၊ အင်အားတွေ တိုးတယ်။ အရပ်ဝတ် ဝတ်ပြီး ဆိုင်ကယ်တွေနဲ့ သေနတ်တွေကိုင်ပြီး ပတ်တာမျိုးတွေ ရှိတယ်” ဟု ဆက်ပြောသည်။

ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စစ်ရေးဖော်ဆောင်မှုထဲ TNLA နှင့် ပူးပေါင်းတပ်များသည် မိုးကုတ်ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်ပတ်အတွင်း မိုးကုတ်မြို့ အနောက်ပိုင်းနယ်မြေဒေသကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်များအား သိမ်းပိုက်ရရှိမှုထဲ လက်နက်ခဲယမ်းများပါ သိမ်းဆည်း နိုင်ခဲ့သည့် အပြင် စစ်ကောင်စီတပ်သား (စစ်သုံ့ပန်း) ၁၅ ဦးကိုပါ ဖမ်းဆီးရမိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...
October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...