ချင်းပြည်နယ်၊ မရာဒေသက မရာချင်းတော်လှန်ရေး ၂ ဖွဲ့တို့သည် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး သဘောတူညီချက်အရ နှစ်ဖွဲ့စလုံးမှ ဖမ်းဆီးထားသူအားလုံး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မရာငြိမ်းချမ်းရေး ကော်မရှင်ထံမှ သိရသည်။
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ - MTC/MDF နှင် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မရာ (IMC/CDF Mara) တို့ မေလက တွေ့ဆုံ ဆွေး နွေးခဲ့ရာ ဖမ်းဆီးထားသူ အရပ်သား၊ ရဲဘော်များ အာလုံးကို ဇွန်လ ၇ ရက်တွင် လွှတ်ပေးရန် သဘောတူခဲ့သော်လည်း ဇွန်လ ၂၆ ရက်ကျမှ အားလုံးကို လွှတ်ပေးနိုင်ခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ဇူလိုင်လ ၁ ရက်မှာ သတင်းထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ - မရာ (IMC/CDF Mara) မှ ဖမ်းဆီးထားသော ကျော်ထင်နှင့် မိုင်ဖာ တို့ကို ဇွန်လ ၁၀ ရက်နေ့မှာ ကနဦးလွှတ်ပေးခဲ့ကြောင်း သိရသည်။
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ - MTC/MDF မှ ဖမ်းဆီးထားသော ထိုင်းဆာ၊ ခူးမာ၊ ဘီးနှီချောင်နှင့် ဘွေယာ တို့ကို လွှတ်ပေးရန် ခေါ်ဆောင်လာခဲ့ရာ ရွှေလိုက်ဝကျေးရွာတွင် ထွက်ပြေးလွှတ်မြောက်သွားခဲ့ကြောင်း သိရသည်။
သို့သော် မရာနှစ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမှုတွင် လွှတ်ပေးသကဲ့သို့ မှတ်ယူကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ငြိမ်းချမ်းရေးကော် မရှင်က ထုတ်ပြန်သည်။
ဇွန်လ ၂၆ ရက်က ဇောင်လိန်းကျေးရွာမှာ ငြိမ်းချမ်းရေးကော်မရှင်၏ ရှေ့တွင် MTC/MDF မှဖမ်းဆီးထားသည့် ရာလယ်ဆာ၊ ဘီးဆူဆာ၊ လိုလို၊ လိုပါကျ နှင့် ကိုနေမျိုးထွန်း (ခ) လေထွား နှင့် IMC/CDF Mara မှ ဖမ်းဆီးထားသည့် ဗာဘီးဆာ၊ ဒူးလျန်နာ တို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
မေလ ၂၂ နှင့် ၂၃ ရက်က အိန္ဒိယနိုင်ငံ၊ ရှာဟာခရိုင်၊ ဇောင်းလင်းကျေးရွာတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ - မရာ တို့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် နှစ်ဖက်အဖွဲ့မှ ကိုယ်စားလှယ် ၈ ဦးစီ၊ ငြိမ်းချမ်းရေး ကော်မရှင်မှ ၁၀ ဦးဖြင့် စုစုပေါင်း၂၆ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးမှုတွင် နှစ်ဖက်အဖွဲ့အစည်းမှ ဖမ်းဆီးထားသူများကို ၁၄ ရက်အတွင်း ပြန်လွှတ်ရန်၊ အခြားလက်နက် ကိုင်အဖွဲ့က မရာနယ်မြေကို ဖြတ်သန်းသွားလိုလျှင် မရာတပ်ဖွဲ့များကို အကြောင်းကြားရမည် အပါအဝင် အချက် ၇ ချက်၊ လိုက်နာရန်နှင့် ဆက်လက်ဆောင်ရွက်ရန် အချက် ၈ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်တွင် ငြိမ်းချမ်းရေးကော်မရှင်၏ ဦးဆောင်မှုဖြင့် မရာလက်နက်ကိုင် နှစ်ဖွဲ့တို့ ပြန်လည်ပေါင်းစည်းရေး အကောင်အထည်ဖော်မှု အစည်းအဝေးကို (Reunification Implementation Commission Meeting) ကျင်းပရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံဆွေးနွေးနိုင်မှု မဖြစ်မြောက်ခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ထားသည်။
အစည်းအဝေး ကျင်းပနိုင်ရေးအတွက် မရာ ၂ ဖွဲ့ထံသို့ ဇွန်လ ၁၅ ရက်က အကြောင်းကြားခဲ့ကြောင်း၊ ဇွန်လ ၂၂ ရက်တွင် IMC/CDF-Mara မှ ချင်းပြည်ကောင်စီအစည်းအဝေးနှင့် တိုက်ဆိုင်နေ၍ ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးကော်မရှင်မှ IMC/CDF-Mara ထံသို့ ကိုယ်စားလှယ်တစ်ဦး လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ဦးမှ မရောက်လာသောကြောင့် ပြန်လည်ပေါင်းစည်းရေး အကောင်အထည်ဖော်မှု အစည်းအဝေးကို ဆက်လက်လုပ်ဆောင်နိုင် ရန်အတွက် IMC/CDF-Mara နှင့် ပြန်လည်တွေ့ဆုံရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
မရာနယ်မြေတွင် မရာတပ်ဖွဲ့များသည် “One Command One Administration” ဖြင့် ပြန်လည်းပေါင်း စည်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကော်မတီဖြင့် ဖွဲ့စည်းဆောင်ရွက်နေကြောင်း သိရသည်။
ပြန်လည်ပေါင်းစည်းရေးအကောင်အထည်ဖော်မှုကော်မတီ (Reunification Implementing Committee) ကို မရာတစ်ဖွဲ့ ချင်းစီမှ ကိုယ်စားလှယ် (၇) ဦးစီဖြင့် ငြိမ်းချမ်းရေးကော်မရှင်က ဖွဲ့စည်းပေးထားကြောင်း သိရသည်။