လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကို ညီနောင်မဟာမိတ်တပ်များမှ  ဇူလိုင်လ ၃ ရက်  နေ့လယ်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင်၂ ရက်  ညပိုင်းမှ စတင်၍ ယခုသတင်းရေးသားချိန်အထိ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေသည့် စစ်ကောင်စီ၏ ရမခ တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ်တပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး တပြိုင်နက်တည်းတွင် လားရှိုးမြို့နှင့် ၁၆ မိုင် ကွာဝေးသည့် နောင်မွန်တိုက်ပွဲအတွင်း ရောက်ရှိလာသည့် ခမရ (၅၀၅)မှ စစ်ကောင်စီတပ်သားများကို တိုက်ထုတ်နိုင်ခဲ့ပြီဟု ဆိုသည်။

“ရမခ ထဲကို Drop Bomb ချနေတယ်။ နောင်မွန်မှာတော့ နမ့်လန်ကနေ ရောက်လာတဲ့ ခမရ (၅၀၅) ကို မောင်းထုတ်လိုက်ပြီလို့ သိရပါတယ်။ မြို့ပြင် မိုင်အနည်းငယ် အကွာကနေ မဟာမိတ်တပ်တွေ ဝိုင်းထားတယ်လို ပြောလို့ရပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ နေ့လယ်ပိုင်းတွင် ရှင်းပြသည်။

လက်ရှိ အချိန်အထိ လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသဖြင့် မြို့တွင်း သွားလာသူ နည်းပါးကြောင်း၊ လက်နက်ကြီး ပစ်ခတ်သံများကြောင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဟုတ်မဟုတ် ခွဲခြားသိနိုင်ရန် ခက်ခဲကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“လက်နက်ကြီး တစ်လုံး ဂေါက်ကွင်းထဲ ကျတာတော့၊ နံပါတ်ကိုး ကျင်းနား” ဟု ၄င်းဒေသခံက ပြောဆိုသည်။

ဇူလိုင် ၃ရက် လားရှိုးမြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က ပိတ်ထားပြီး မြို့ပတ်ပတ်လည်ရှိ အီနိုင်း၊ မိုင်းတင်၊ မန်အိုင်၊ ကုန်းညောင်၊ ရှန်ခိုက် စသည့် ကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၃ ရက် နံနက် ၇ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၁)ရှိ တက္ကသိုလ်နှင့် တိုင်းရုံးအကြား သာယာလမ်းသွယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဒရုန်းကို စစ်ကောင်စီတပ်မှ ပစ်ချခဲ့ရာ ၎င်းဒရုန်းမှ ဗုံးသီးသည် ပြည်သူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၃ ဦးအပါအဝင် မိသားစုဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စစ်ရေးအကြောင်းသိသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်လက်မေးမြန်းနေဆဲ။

ထို့အပြင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် လင်မယားနှစ်ဦးကို ထိမှန်ခဲ့ပြီး အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးသွား၍ အမျိုးသားမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

July 5, 2024
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် TNLA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ...
July 4, 2024
သျှမ်းပြည် သီပေါမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ...
July 3, 2024
သျှမ်းပြည် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီတပ်က...
July 2, 2024
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၂,၀၀၀ ကျော်အတွက်...