ချောင်းဆုံတွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်း ဒေသခံများ လက်မခံ

ချောင်းဆုံတွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်း ဒေသခံများ လက်မခံ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)မှာ တည်ဆောက်မယ့် စစ်ကောင်စီရဲ့ ကျောက်မီးသွေးစက်ရုံစီမံကိန်းဟာ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ချောင်းဆုံမြို့နယ်မှာ ကျောက်မီး သွေးစက်ရုံ တည်ဆောက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က တရုတ်သံအမတ် ချန်းဟိုင်နဲ့ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့အတွက် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သလို လက်ရှိမှာလည်း စက်ရုံတည်ဆောက်ဖို့ တရုတ်ကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ဦးအောင်ကြည်သိန်းက ဖွင့်ဟလာပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့ မြေနေရာအတွက် စစ်ကောင်စီက ကလွီကျေးရွာနဲ့ဒရယ်ကျေးရွာ ကျေးရွာချင်းဆက်လမ်းရဲ့ မြောက်ဘက်ဒရယ်မြစ်ကမ်းအနီးမှာ ဓနိတောဧက ၅၀ ဝယ်ယူထားပြီလို့ သိရပါတယ်။

ဒေသခံတစ်ဦးက ကျောက်မီးသွေးစက်ရုံစီမံကိန်းကြောင့် ရေရှည်မှာ ဒေသခံပြည်သူတွေ ကျန်းမာ ရေးဆိုင်ရာ ပြဿနာတွေ များစွာဖြစ်ပေါ်လာနိုင်တဲ့အတွက် စက်ရုံတည်ဆောက်မှုကို သဘောမတူဘူးလို့ ပြောပါတယ်။

“ဒါကကျွန်တော်တို့ကတော့ ရှင်းပါတယ်။ နောက်ပြီးတော့ အခုက တရုတ်ကို ရောင်းစားမယ့် ပုံစံမျိုးပဲလို့ ထင်ရတာပေါ့နော်။ အဲဒီလိုမျိုးကျတော့လည်း နောက်ဆက်တွဲတွေက ဒီဒေသခံတွေပဲ ခံရမယ်ဆိုတော့ အဆင်မပြေနေဘူးပေါ့လေ၊ မကြိုက်ကျဘူးပေါ့။ ရိုးရိုးအကြမ်းဖျင်း ပြောရင်တောင် သူထွက်လာတဲ့ အမှုန်အမွှားတွေက လေထုညစ်ညမ်းမှာလေ။ လေထုညစ်ညမ်းမှာ ဖြစ်တဲ့အတွက်ကို အဓိက ဒီကလူတွေပဲ ရှုရမှာပေါ့။ ကျန်းမာရေးကတော့ အဓိကထိမှာပေါ့”လို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ပြီးပါက ဒေသအတွင်း လေထုညစ်ညမ်းမှုတွေ ဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောဂါတွေ အဖြစ်များလာနိုင်သလို ကျောက်မီးသွေးစက်ရုံက ထွက်ရှိတဲ့ အညစ်အကြေးတွေကို ပင်လယ်ထဲ စွန့်ပစ်မှာဖြစ်တဲ့အတွက် သယံဇာတတွေပါ ထိခိုက်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း ချောင်းဆုံမြို့နယ်မှာ ကျောက်မီးသွေးစက်ရုံ ဆောက်လုပ်ဖို့အတွက် ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ကြိုးပမ်းခဲ့ပြီး ဒေသခံတွေက ကန့်ကွက်ခဲ့သလို လက်ရှိမှာလည်း ပြည်သူတွေကိုချပြခြင်းမရှိဘဲ လုပ်ဆောင်မှာ ဖြစ်တာကြောင့် လက်မခံဘူးလို့ ပြောပါတယ်။

“ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ထိုင်ဝမ်ကုမ္ပဏီ လာလုပ်ဖို့ စီမံကိန်းရှိတယ်။ အဲဒီထဲမှာ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံလည်းပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂/၂၀၁၃ လောက် ဖြစ်မယ်ပေါ့နော်။ အဲဒီမှာ ကျွန်တော်တို့ပဲ ကန့်ကွက်တာပေါ့။ အရင်တုန်းကကျတော့ အစိုးရရယ်၊ ကုမ္ပဏီရယ်၊ ပြည်သူရယ်၊ အရပ်ဘက်အဖွဲ့ရယ်ဆိုတာ ရှိခဲ့တယ်လေ။ အခုခေတ်မှာကျတော့ အဲဒါတွေမရှိဘူး။ အစိုးရနဲ့ ကုမ္ပဏီကတော့ ကောင်းတဲ့ဘက်ပဲ ပြောမှာပဲ။ ကျွန်တော်တို့ကတော့ ကန့်ကွက်စရာရှိတယ် အများကြီးပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က ကျောက်မီးသွေးစက်ရုံ တည်ဆောက်မယ်ဆိုပါက အကောင်းအဆိုးကို ပြည်သူတွေကိုချပြပြီး ပြည်သူတွေ လက်မခံပါက ဆောက်လုပ်တာ မရှိခဲ့ပေမယ့် လက်ရှိ စစ်ကောင်စီလက်ထက်မှာတော့ ပြောဆိုလို့မရတဲ့အတွက် ဒေသခံတွေ ငြိမ်ခံနေရဦးမယ်လို့ သူက ဆက်ပြောပါတယ်။

ချောင်းဆုံမြို့နယ်ဟာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ ဇာတိဖြစ်ပြီး ဒီစီမံကိန်းဟာ ဇာတိမြေကို သူကိုယ်တိုင် ချနင်းဖျက်ဆီးဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေကြား ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ချောင်းဆုံမြို့နယ်မှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မယ်ဆိုတာကို တရုတ်သံအမတ်လာမှ ထုတ်ပြောတာ ဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှု မရှိသလို လက်နက်အား ကိုးပြီး လုပ်ချင်သလို လုပ်နေတဲ့ပုံစံ ဖြစ်နေတယ်လို့ ဝေဖန်တာပါ။

ဒါ့အပြင် ကျောက်မီးသွေး စက်ရုံကြောင့် ဒေသတွင်း လေထုညစ်ညမ်းမှုတွေအပြင် သဘာဝပတ် ဝန်းကျင် ထိခိုက်မှုတွေ ဆိုးဆိုးရွားရွား ရှိလာနိုင်ပြီး အဲဒီအကျိုးဆက်ကို ဒေသခံ ပြည်သူတွေကသာ ခံစားရမှာဖြစ်တဲ့အတွက် ကျောက်မီးသွေးစက်ရုံကို မဆောက်လုပ်စေချင်ဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က ရေးမြို့နယ် အံဒင်ကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့အတွက် ၂၀၁၃ ခုနှစ်မှာ MOU ၊ ၂၀၁၅ ခုနှစ်မှာ MOA လက်မှတ် ရေးထိုးခဲ့ပေမယ့် ဒေသခံတွေ ကန့်ကွက်ခဲ့တာကြောင့် လက်ရှိအချိန်ထိ စီမံကိန်းရပ်နားထားရပါတယ်။

Most read this week

July 1, 2024
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့က ပွိုင့် ၃၀၀၀...
June 29, 2024
ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ...
June 28, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့...
June 28, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပါအဝင် စားဝတ်နေရေးအခက်အခဲတွေကြောင့်...