ဆွမ်ပီယန်ကျေးရွာ ဒေသခံတွေရဲ့ နေအိမ်အတွင်းက ပစ္စည်းတွေကို သယ်ဆောင်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တန်ဂျာကျေးရွာမှာ ပြန်လည်ရောင်းချနေ

ဆွမ်ပီယန်ကျေးရွာ ဒေသခံတွေရဲ့ နေအိမ်အတွင်းက ပစ္စည်းတွေကို သယ်ဆောင်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တန်ဂျာကျေးရွာမှာ ပြန်လည်ရောင်းချနေ

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာ ဒေသခံတွေရဲ့ နေအိမ်အတွင်းက ပစ္စည်းတွေကို သယ်ဆောင်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တန်ဂျာကျေးရွာအတွင်း ရောက်ရှိနေပြီး ဒေသခံတွေဆီ တစ်ဆင့် ပြန်လည်ရောင်းချနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်နေတဲ့ ဆွမ်ပီယန်ဒေသခံတွေရဲ့ ဆိုင်ကယ်၊ ဘထ္ထရီ၊ လယ်ထွန်စက်၊ ချိန်းဇော၊ ဆိုလာ၊ မြက်ရိတ်စက်၊ ဓာတ်ဆီ၊ ဒီဇယ် စတဲ့ပစ္စည်းတွေကို ကားနှစ်စီးနဲ့ စိတ်ကြိုက်သယ်ဆောင်သွားပြီး တန်ဂျာကျေးရွာဒေသခံတွေဆီ ပြန်လည်ရောင်းချတာတွေ လုပ်ဆောင်နေတာလို့ ပူတာအိုဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“သူတို့ ကြိုက်တဲ့ ပစ္စည်းတွေအကုန် ကားနှစ်စီးနဲ့သယ်ပြီး တက်သွားကြတယ်။ တစ်ချို့ ပူတာအိုဘက် သယ်သွားကြတယ်ကြားတယ်။ ဒေသခံတွေတော့ ဓာတ်ဆီ၊ ဒီဇယ်တော့ ဝယ်ပေးကြတယ်။“လို့ ဆိုပါတယ်။

ဇွန်လ ၁၂ ရက်နေ့က အင်အား ၆၀ ဝန်းကျင်ပါ အထက်ပါ စစ်ကောင်စီလှုပ်ရှားတပ်ဟာ ဆွမ်ပီယန်ကျေးရွာကနေ ပူတာအိုမြို့ဘက်ကို ဦးတည်တက်လာချိန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တန်ဂျာကျေးရွာထိပ်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၂ နာရီခွဲကြာ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်ဟာ တန်ဂျာကျေးရွာအတွင်းမှာပဲ လက်ရှိအချိန်အထိ စခန်းချ နေထိုင်နေတာ နှစ်ပတ်ကျော်လောက်ရှိလာပြီလည်း ဖြစ်ပါတယ်။

အဲဒီနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သူများခဲ့တဲ့အတွက် တန်ဂျာကျေးရွာ အနီးတစ်ဝိုက် သေနတ်ပစ်ဖောက်တာတွေပါ လုပ်ဆောင်ခဲ့ကြတယ်လို့ ကြားသိရပါတယ်။

” တိုက်ပွဲဖြစ်တဲ့ နေ့ကနေ ဖုန်းလိုင်းရော ပိတ်သွားတယ်။ စစ်ကြောင်းမှူးရော ဒဏ်ရာရတယ်လို့ ပြောတယ်။ ခုက တန်ဂျာမှာနေနေတယ် ပြောတယ်။“လို့ အထက်ပါ ပူတာအို ဒေသခံက ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ ဆွမ်ပီယန်ကျေးရွာအတွင်း နေထိုင်ချိန်က ဒေသခံတွေရဲ့ ကျွဲ၊ နွားတွေ သတ်ဖြတ်စားသောက်ခဲ့သလို လက်ရှိ တန်ဂျာကျေးရွာအတွင်းမှာလည်း ဒေသခံတွေရဲ့ ကြက်၊ ဝက်၊ ဘဲတွေကို စိတ်ကြိုက် စားသောက်နေတယ်လို့ ကြားသိရတဲ့အကြောင်း နောက်ထပ် ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

“ဆွမ်ပီယန်မှာရော ကျွဲ၊ နွားတွေ သတ်စားပေးကြတယ် ပြောတယ်။ တန်ဂျာမှာလည်း ကြက်၊ ဘဲတွေ ကြိုက်သလို သတ်စားပေးကြတယ်။ သတ်စားပေးလိုက်တဲ့ ကြက်တွေဆို ရေလို့တောင် မရတော့ဘူးလို့ ကြားတယ်“လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ တန်ဂျာဒေသခံတွေဆီ ဆွမ်ပီယန်ကျေးရွာက သယ်ဆောင်လာတဲ့ ပစ္စည်းတွေ ဈေးသင့်သလို ရောင်းချပေးနေပြီး ပစ္စည်းအချို့ကိုတော့ ပူတာအိုမြို့ဘက် သယ်ဆောင်သွားတာလည်း ရှိတယ်လို့ သိရပါတယ်။

တန်ဂျာကျေးရွာအတွင်း ရောက်ရှိနေတဲ့ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်းဟာ မေလ ၁၁ ရက်နေ့က ပူတာအိုမြို့ဘက်ကနေ ဆွမ်ပီယန်ကျေးရွာဘက် စစ်ကြောင်းထိုးထားတဲ့ စစ်သားအင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဖြစ်တယ်လို့လည်း ထပ်မံ သိရှိရပါတယ်။

စစ်ကောင်စီတပ်သားတွေနေ ရွာအတွင်း သေနတ်ပစ်ဖောက်တာတွေ လုပ်လာတာကြောင့် ဆွမ်ပီယန် ဒေသခံပြည်သူတွေဟာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ပြီး လက်ရှိအချိန်အထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေဆဲလည်း ဖြစ်ပါတယ်။

Most read this week

July 3, 2024
ဗန်းမော်မြို့နယ်အတွင်းက ရေဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော် နေ့စဉ်စားသောက်နိုင်ဖို့ အစားအစာ၊...
July 2, 2024
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးရွာသွန်းတာကြောင့် ဥရုချောင်းနဲ့ အင်မားချောင်းရေကြီးလာပြီး...
July 1, 2024
မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်အမှတ်ကို ကျော်လွန်နေပြီး ရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေက...
June 29, 2024
ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်း လီဒိုလမ်းပေါ်မှာရှိတဲ့ နောင်းမီကျေးရွာအတွင်း...