နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထား

နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထား

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့၏ နှစ်ဘက်ထိတွေ့ တိုက်ပွဲပြင်းထန်းပြီး နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၅ ရက် နံနက် ၅ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ (၁) နာရီခန့်တွင် မြို့အနီးရှိ ပြည်သူ့ဆေးရုံ အနီးသို့ တိုက်ပွဲပြင်းထန်လာကြောင်း နောင်ချိုဒေသခံများက ပြောသည်။

လက်ရှိမှာ နောင်ချိုမြို့အဝင်ရှိ ပြည်သူ့ဆေးရုံ၊ မီးသတ်ဌာန၊ ရဲစခန်းတို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ထားကြောင်း သိရသည်။

“မနက်က ၁၁၅ တပ်ရင်းနားမှာ ပစ်နေတာ၊ ခုက မြို့ထဲဘက် ရောက်လာပြီ။ နေ့လယ် ၁ နာရီလောက် စမယ်ထင်တယ် TNLA ၊ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်နဲ့ ဆေးရုံအနောက်ဘက် မိုးဇလရုံးထိ ပစ်နေကြတာ။ TNLA စုပေါင်းအဖွဲ့ အင်အားများတယ်လို့ ကြားတယ်။ ဆေးရုံ၊ မီးသတ်နဲ့ ရဲစခန်း ပါသွားပြီ”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိသတင်းရေးသားနေသည့်အချိန်အထိ နောင်ချိုမြို့တွင်းရှိ စစ်ကောင်စီ၏ အထင်ကရ ဌာနဆိုင်ရာ ရုံးများဖြစ်သည့် ပြည်သူ့ဆေးရုံ၊ မီးသတ်စခန်းနှင့် ရဲစခန်းတို့က TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာတွင် ယနေ့ (ဇွန်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နှစ်ဘက်ထိတွေ့ တိုက်ပွဲအတွင်း ကားတစ်စီး ပစ်ခတ်ခံရပြီး ကားပေါ် လိုက်ပါလာသူ၏ လည်ပင်းကို ထိမှန်ကာ ဘန့်ဘွေးကျေးရွာအရောက်တွင် ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

အလားတူ နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLA ကလည်း ပါဝင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်လာပြီး မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF လည်း ပါဝင်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

ယနေ့ နံနက် ၇ နာရီခန့်က နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကောင်စီတပ် စခန်းချထားသည့် ပြည်ထောင်စုလမ်းမပေါ်ရှိ အုမ္မတီး၊ အုမ္မခါး၊ ရေမောင်းတန်းနှင့် ကျောက်ကြမ်းကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်လေယာဉ် ပျံဝဲနေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

 

Most read this week

July 1, 2024
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို...
July 1, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်အချိန် လေကြောင်းဖြင့်...
June 29, 2024
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...
June 28, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်‌ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့်...