စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲမှုကြောင့် ရေဖြူမြို့တွင် နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီး

စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲမှုကြောင့် ရေဖြူမြို့တွင် နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီး

တနင်္သာရီတိုင်း ရေဖြူမြို့ နယ် မျောက်ချောရွာအနီးက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းဗုံးကြဲမှုကြောင့် အရပ်သားနေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၇ နာရီလောက် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ မျောက်ချောရွာတစ်ဝက်လောက် မီးလောင်ပျက်စီးသွားခဲ့တာပါ။

ဇွန် ၁၉ ရက်နေ့ မနေ့ ၈ နာရီဝန်းကျင်မှာ တော်လှန်ရေးမဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ ရေဖြူမြို့နယ်ရှိ ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းပါတဲ့ စစ်ကြောင်းနှစ်ကြောင်းဝင်ရောက်လာပြီး လက်နက်ကြီးအမြောက်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေကတော့ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်တုံ့ပြန်တိုက် ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာလို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆို ခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။

“ရန်သူက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အပေါ် ကျွန်တော်တို့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်ပြီး ၃/၄ နာရီလောက်အကြာမှာ ရန်သူဂျက်လေယာဉ်တွေ မြိတ်ကတက်လာတယ်။ အဲဒီကနေပြီးတော့ လေးကြိမ်တိတိ ဗုံးကြဲသွားတယ်။ ဗုံးတွေက တိုက်ပွဲနဲ့ မဆိုင်တဲ့ မျောက်ချောရွာမှာ သွားပြီး‌တော့ကျတယ်။ အိမ်တွေ မီးလောင်တာတွေ ရှိတယ်”လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အစုလိုက်အပြုံလိုက်တက်လာတဲ့အတွက် တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင် ကျဆုံးနိုင်ကြောင်း ခန့်မှန်းရပြီး တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်က ၄ ဦးထက်မနည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာအနည်းအငယ်ရခဲ့တယ်လို့ နိုင်နဂါးက ဆက်ပြောပါတယ်။

ဒါ့အပြင် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေက မျောက်ချောရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် သေနတ်ပစ်ဖောက်ကာ ရွာထဲဝင်ရောက်သွားခဲ့ပြီး တော်လှန်ရေးတပ်ဘက်က ပိတ်ဆို့ထားတဲ့အတွက် ဒဏ်ရာရသူတွေကို ပြန်ထုတ်ဖို့ အခက်အခဲတွေ့နေရတယ်လို့ ဆိုပါတယ်။

“ဒီနေ့မှာတော့ (ဇွန် ၂၀ ) ရန်သူရဲ့ လှုပ်ရှားမှုမရှိဘူး။ သူတို့ မျောက်ချောရွာမှာပဲ ဆက်လက်စခန်းချနေတာ ရှိတယ်။ အင်အားအတော်များတယ်၊ သူတို့ဘက်က စစ်ကြောင်းနှစ်ကြောင်းက အင်အား ၄၀၀ ပတ်ဝန်းကျင်လောက်ရှိတယ်လို့ ဒေသခံအရရော ကျွန်တော်တို့ ထောက်လှမ်းရေးသတင်းအရရော သိရတယ်”လို့ နိုင်နဂါးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကကတည်းက လက်လွှတ်ခဲ့ရတဲ့ ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ဖို့ ဇွန် ၇ ရက်နေ့ကစပြီး တနင်္သာတိုင်း ရေဖြူမြို့နယ်ကတဆင့် အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းလေးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတာပါ။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်လာမှုကြောင့် ဇွန် ၁၉ ရက်နေ့အထိ ရာဖူးကျေးရွာအနီးတဝိုက်မှာ နှစ်ဖက်ထိ တွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက် ပြေး တိမ်းရှောင်နေကြရပါတယ်။

June 29, 2024
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...
June 28, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်‌ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့်...
June 28, 2024
သျှမ်းပြည်နှင့် မန္တလေးတိုင်းနယ်စပ် ဝက်ဝံကျေးရွာရှိ ရဲစခန်းနှင့် မူးယစ်ဂိတ်ကို တအာင်း(ပလောင်)...
June 27, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃...