ဖားအံမြို့အဝင်ဂိတ်များတွင် ရဲနှင့် BGFများ ကုန်တင်ကားများကို ဂိတ်ကြေးအဆမတန်ကောက်ခံနေ

ဖားအံမြို့အဝင်ဂိတ်များတွင် ရဲနှင့် BGFများ ကုန်တင်ကားများကို ဂိတ်ကြေးအဆမတန်ကောက်ခံနေ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားအံ-သထုံ-ကမမောင်းသွားသည့် ဝါးဘိုးတောလမ်းဆုံရှိ စစ်ဆေးရေးဂိတ် နှင့် ဆယ်မိုင်ကုန်းဂိတ်များတွင် ရဲ နှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်လပိုင်းများမှစ၍ ဖြတ်သန်းသွားလာသည့် ကုန်တင်ကားများထံမှ ဂိတ်ကြေးအဆမတန်တိုးကောက်နေကြောင်း ကုန်တင်‌ယာဥ် မောင်းသမားများက ပြောသည်။

ဝါးဘိုးတော လမ်းဆုံဂိတ် နှင့် ဆယ်မိုင်ကုန်းဂိတ်များတွင် မြိုင်ကလေးမှ ရဲ နှင့် BGF တပ်ဖွဲ့ဝင်များက ဂိတ်ထိုင်၍ ကုန်တင်ယာဉ်များအပြင် အခြားသောယာဉ်ငယ်များကိုပါ သတ်မှတ်နှုန်းထားမရှိဘဲ မြန်မာကျပ်ငွေသောင်း ဂဏန်းအထိ ငွေကြေးကောက်ခံနေခြင်းကြောင့် ယာဉ်မောင်းသမားများအတွက် အခက်အခဲဖြစ်လာကြောင်း ဖားအံ-သထုံ သို့ ကုန်တင်ယာဥ်မောင်းနှင်သူ တစ်ဦးက ပြောသည်။

“ဝါးဘိုးတောနဲ့ ဆယ်မိုင်ကုန်း လမ်းဆုံဂိတ်တွေမှာ ပိုတောင်းလာတယ်။ ကုန်ကားတွေရာ ကားလေးတွေရော သူတို့တောင်းချင်သလို တောင်းနေတယ်။ ကုန်ကားတွေဆို အရင်က (၅၀၀၀) လောက်ပဲ ပေးရပြီး။ အခုဆို နှစ် သောင်း သုံးသောင်းလောက်ပေးရတယ်။ ကုန်ကားတိုင်းပေးရတယ်။ တစ်ဖွဲ့ကနေ နှစ်စုခွဲပြီး ကောက်တဲ့အတွက် အဲဒီ နှစ်ဂိတ်မှာပဲ ၅သောင်းလောက်ရှိပြီး။ အသွားအပြန်ဆို တစ်သိန်းလောက်ကုန်တယ်။ မပေးနိုင်ရင် မသွားနဲ့ ဆိုပြီး ကားကို ပြန်လှည့်ခိုင်းတယ်“ ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆယ်မိုင်ကုန်းဂိတ်သည် BGFတို့မှ ထပ်တိုးတည်ဆောက်ထားသည့် ဂိတ်ဖြစ်ကာ BGF တပ်ဖွဲ့ဝင်များက ယူနီဖောင်အပြည့်အစုံဖြင့် ဂိတ်ချ စစ်ဆေးနေပြီး ဝါးဘိုးတောဂိတ်မှာမူ မြိုင်ကလေးကျေးရွာမှ ရဲနှင့် အရပ်ဝတ် ဝတ်ဆင်ထားသော BGFတို့က ပေါင်းပြီး ဂိတ်ထိုင်ခြင်းဖြစ်သည်ဟု ဖြတ်သန်းသွားလာသည့် ယာဥ်မောင်းသမား များကဆိုသည်။

ထို့အပြင် ကုန်စည်စီးဆင်းမှုများအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ပြန်လည်ကောင်းမွန်လာ သော်လည်း ကုန်စည်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လမ်းခရီး၌ ကောက်ခံနေသော ဂိတ်ကြေးများသည် ယခင်ကထက် မြင့်တက်လာကြောင်းလည်း ဖားအံမြို့ခံ ကုန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းက “သံလွင်တံတားရောက်ပြီးဆိုရင် စစ်သား၊ (လ.ဝ.က) နဲ့ ရဲကိုလည်း ပေးရတယ်။ အရင်က အဲဒီ သုံးဖွဲ့ လေးဖွဲ့ကို ပေးလိုက်ရင်ရပြီ။ အခုက မရတော့ဘူး။ ဝါးဘိုးတောထိပ်က ထပ်တိုးလာတဲ့ BGF ဂိတ်ကိုပါ သောင်း ဂဏန်းနဲ့ ပေးရသေးတယ်။ အဲဒါကြောင့် ဖားအံအဝင်တွေက ဂိတ်ကြေးတော်တော်ပေးနေရတယ်” ဟု ‌ကေအိုင်စီ သို့ ပြောသည်။

အလားတူ မြဝတီ-ကော့ကရိတ် တောင်ပေါ်လမ်းဟောင်းတွင်လည်း ငွေကြေးတောင်းခံနေသော လက်နက်ကိုင် ဂိတ်ပေါင်း ၁၀ ခုထက်မနည်းရှိနေပြီး အဆိုပါ ဂိတ်များတွင်ပါ ဂိတ်ကြေးပိုမို တိုးကောက်လာကြကြောင်း နယ်စပ်ကုန်သွယ်ရေး နှင့် ခရီးသည်တင်ယာဉ်မောင်း လုပ်ကိုင်သူများထံမှသိရသည်။

အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ နှင့် BGF တပ်တို့၏ စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေး ငွေတောင်းခံမှုပိုမိုလုပ်ဆောင်လာ၍ နေ့စဉ်ဝင်ငွေသိန်းချီရရှိနေသလို အခြားသော ကရင် လက်နက် ကိုင်အဖွဲ့အစည်းများကလည်း အကြောင်းအမျိုးမျိုးပြ၍ ၎င်းတို့၏နယ်မြေတွင် ငွေတောင်းခံသည့် ဂိတ်စခန်းများ ပိုမိုတည်ဆောက်လာကာ ဂိတ်ကြေးတောင်းခံမှုများပြုလုပ်လျက်ရှိသည်။

ယခုလို စစ်ကောင်စီ နှင့် BGF တပ်ဖွဲ့ဝင်များက စစ်ဆေးရေး ဂိတ်စခန်းများမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်သည့်အပြင် ဒေသခံ နှင့် ခရီးသွားလာ သူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး မသင်္ကာစရာ အထောက်အထားများတွေ့ရှိပါက ဖမ်းဆီး ရိုက်နှက်ကာ ငွေညစ်တောင်းခံ၍ လူပြန်ရွေးခိုင်းသည့်ဖြစ်စဉ် များလည်း အများအပြားဖြစ်ပေါ်လျက်ရှိသည်။

October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...