ရှမ်းပြည်မှာ အိမ်ငှားခတွေစျေးတက်တာကြောင့် ငွေကြေးမတတ်နိုင်တဲ့ ကရင်နီစစ်ရှောင်တွေအခက်တွေ့

ရှမ်းပြည်မှာ အိမ်ငှားခတွေစျေးတက်တာကြောင့် ငွေကြေးမတတ်နိုင်တဲ့ ကရင်နီစစ်ရှောင်တွေအခက်တွေ့

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့ ညောင်ရွှေမြို့မှာ အိမ်ငှားနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေဟာ အိမ်ငှားခ ဈေးမြင့်တက်လာတာကြောင့် တချို့ငွေကြေးမတတ်နိုင်တဲ့ ကရင်နီစစ်ရှောင်မိသားစုတွေ အခက်တွေ့နေကြပြီး နေရပ်ပြန်ကြဖို့ ဆုံးဖြတ်ကြသူလည်း ရှိနေတယ်လို့ လွိုင်ကော်စစ်ဘေးရှောင်တွေက ပြောပါတယ်။

ယခင်က လုံးချင်းအိမ် တစ်လုံးကို တလတာ ငှားရမ်းနေထိုင်မှုအတွက် အခကြေးငွေ ၁ သိန်းခွဲဝန်းကျင်သာ ရှိပေမယ့် လက်ရှိမှာတော့ ၂သိန်းခွဲဝန်းကျင်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ဆန်၊ အခြေခံစားသောက်ကုန်ဈေးနှုန်းကလည်း မြင့်တက်လာတာကြောင့် ပေးရတဲ့ အိမ်ငှားခဈေးနှုန်းကို အလုပ်အကိုင်မရှိတဲ့ စစ်ဘေးရှောင်တွေဟာ မတတ်နိုင်ကြပါဘူး။

လတ်တလော လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်နေသေးပေမဲ့ ရှမ်းပြည်မှာ အိမ်ဆက်ငှားဖို့ အဆင်မပြေတော့တာကြောင့် နေရပ်ကို အရဲစွန့်ပြန်ဖို့သာ တွေးမိတယ်လို့ ညောင်ရွှေရောက် ကရင်နီစစ်ရှောင်အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အခုက စျေးတက်တာကော ခက်ခဲတာကော အစုံပါပဲ။ လွိုင်ကော် ပဲ ပြန်ချင်တော့တယ် ဖြစ်ချင်ရာဖြစ်ပါတော့ အဲ့လိုတောင် တွေးတယ်။ လွိုင်ကော်မှာလည်းပစ်ခတ်နေတုန်းပဲ ထင်တယ်။ အခု စျေးတက်တာက အရင်က ၅သောင်းတန်အခန်းဆို အခုက ၈သောင်းလောက်ဖြစ်။ ရိုးရိုး ထရံကာသွပ်မိုးအိမ်ဆို တစ်သိန်းခွဲ ဖြစ်လိုဖြစ်နဲ့ ရိုးရိုးတိုက်ပုတစ်လုံးဆို တလဌားခ ၂သိန်းခွဲ ဝန်းကျင်ဆိုတော့ ဆက်ငှားနေဖို့ကျ မလွယ်တော့ဘူးလေ။ “လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ၁ လေးလုံးစစ်ဆင်ရေး စတင်ပြီးနောက် နီးစပ်တဲ့ ရှမ်းပြည်နယ်ဖက်ကို လွိုင်ကော်ဒေသခံ အများစု တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။ တိုက်ပွဲစတင်ပြီး ၅ လအတွင်း နေရပ်ပြန်လာကြတဲ့ လွိုင်ကော်ဒေသခံတွေလည်း ရှိနေပါတယ်။

နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေလည်း များပြားနေတာကြောင့် အိမ်ငှားခ စျေးတက်တာ ဖြစ်နိုင်တယ်လို့ နောက်ထပ် စစ်ရှောင်တစ်ဦးကလည်း အခုလို ပြောဆိုထားပါတယ်။

“စစ်ရှောင်တွေ အများစုနေကြတာကြောင့်လို့ ပြောလို့မမှားဘူးထင်တယ်။ အခုက လွိုင်ကော်ဖက် ပြန်ဝင်ကြတာ‌တော့ ရှိတော့ရှိတယ်လေးနော်။ ဒါပေမဲ့ ကိုယ်တွေလို ပြန်မဝင်ရဲကြသေးသူတွေလည်းရှိတယ်လေ။ အဲ့ခါကြ‌တော့ ဒီမှာပဲ ဆက်နေသေးဖို့များတော့ အိမ်ခတွေတွေးရင် ကြိုပြီး ရင်လေးတယ်။ ဝင်ငွေရှာနိုင်ရင်တောင် ဒီလို ငွေစျေးမရှိတာနဲ့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”လို့ သူက ပြောပါတယ်။

အိမ်ငှားခကို အနည်းဆုံး ၃လစာ နဲ့ စပေါ်ငွေ ၁ သိန်း အရင်ပေးဆောင်ရတာကြောင့် ၁သိန်းခွဲတန် အိမ်ငှားနိုင်ဖို့ အနည်းဆုံး ၅သိန်းရှိမှသာ အဆင်ပြေနိုင်တယ်လို့ ဆိုကြပါတယ်။

တောင်ကြီးနဲ့ ညောင်ရွှေမြို့နယ်တွေမှာ အိမ်ငှားနေကြသူတွေဟာ လွိုင်ကော် နဲ့ ဆီဆိုင်မြို့နယ်ဘက်‌က တိမ်းရှောင်လာသူတွေ အများဆုံးဖြစ်ပြီး ဝင်ငွေရနိုင်ဖို့ တစ်နိုင်တစ်ပိုင် ဈေးရောင်းတာ၊ ရိုးရာအစားသောက်ရောင်းတာ၊ နေ့စားအလုပ်လုပ်တာ စတာတွေ လုပ်ကိုင်ကြပြီး စားဝတ်နေရေး နဲ့ အိမ်ငှားခ အတွက် ဖြေရှင်းနေရတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

Most read this week

October 3, 2024
စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရေဘေးသင့်မှု ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နောက်ဆက်တွဲအနေနဲ့...
October 1, 2024
နှစ်ပေါင်း ၇၆ နှစ်ကြာ အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်လာခဲ့တဲ့ ကရင်နီပြည်တပ်မတော်...
September 30, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ အုပ်စုအတွင်းမှာနေထိုင်တဲ့ အသက် ၃၅နှစ်မှ...
September 28, 2024
ကရင်နီပြည်က စစ်ရှောင်စခန်းလေးတွေဆီကိုရောက်ရင် “အိမ်နောက်ဖေးစျေးဆိုင်တည်ပါ” ဆိုတဲ့ စကားပုံအတိုင်း...