လွိုင်ကော်မြို့ဘက်ကို ဦးတည်တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ

လွိုင်ကော်မြို့ဘက်ကို ဦးတည်တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကနေ ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မိုးဗြဲ-လွိုင်ကော်-လွိုင်လင် လမ်းဆုံမှာ ရောက်ရှိနေပြီး လွိုင်ကော်မြို့ဘက်ကို ဦးတည် စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

“ဒီရက်ပိုင်း လွိုင်ကော်ဘက်တော့ စစ်ကောင်စီ စစ်ကြောင်းထိုးနေတာပဲ။ လွိုင်ကော်အဝင်လမ်းပေါ့။ စက်မှုဇုန်တို့ဘက်။ လွိုင်ကော်မြို့ထဲမှာတော့ ငြိမ်နေတယ်။” လို့ ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီပိုင်သတင်းစာမှာတော့ စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်မြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ဆင်ရေးကို ဆောင်ရွက်နေပြီး ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းကို မေလ ၂၉ ရက်နေ့မှာ ထိန်းချုပ်ရရှိထားတယ်လို့ ဇွန်လ ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်တပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကတော့ လွိုင်ကော်မြို့မှာ တိုက်ပွဲကြီးမဟုတ်ပေမယ့် ကြိုကြားတိုက်ပွဲဖြစ်ပွားမှုတွေတော့ ရှိတယ်လို့ ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ကြားတာတော့ ပစ်ခတ်မှုနည်းနည်းပါးပါးပဲ ရှိတယ်။ မိုးဗြဲနီးနားမှာပဲ။ ဒီကြားမှာပေါ့ မိုးဗြဲနဲ့ လွိုင်ကော်ကြားမှာ နောက် ဒီစက်မှုဇုန်နဲ့ လွိုင်ကော်ကြား။” လို့ ကရင်နီပြည်တပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်မြို့ပေါ်က ၎င်းတို့ထိန်းချုပ်နိုင်တဲ့ နေရာတွေမှာ အုပ်ချုပ်ရေးယန္တာရားတွေ တစ်ခုပြီးတစ်ခု ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။

ဘီလူးချောင်းရဲ့ အရှေ့ဘက်ခြမ်းဖြစ်တဲ့ မင်းစုရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်၊ ကြည်သာယာ၊ နမ့်ဘော်ဝမ်၊ ရှမ်းပိုင်း စတဲ့ ရပ်ကွက်တွေမှာရှိတဲ့ သိရိမင်္ဂလာ‌စျေး( တောင်စျေး )၊ တောင်ကွဲစေတီ၊ မြို့နာမ်စေတီ၊ လွိုင်ကော်ပြည်သူ့ဆေးရုံ စတဲ့ နေရာတွေမှာ အုပ်ချုပ်ရေးယန္တာရားတွေကို ပြန်လည်ပတ်နိုင်အောင် အဓိကထားဆောင်ရွက်နေတာပါ။

အဆိုပါနေရာတွေကို စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ကနေ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြထာားပါတယ်။

လွိုင်ကော်မြို့ထဲမှာ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်အောင် ဆောင်ရွက်နေပေမယ့် မြို့ပေါ် ရပ်ကွက်တချို့မှာတော့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ဟိုစစ်ဆင်ရေးတွေ ထိုးနေတာတော့ ရှိတာပေါ့နော်။ စစ်ဆင်ရေးထိုးတယ်ဆိုတာက ဒီဒေါဥခူဖက်မှာတွေက ထိုးတယ်လို့တော့ ပြောတယ်။ အဲ့မှာကနည်းနည်းပေါ့နော် စစ်ကြောင်းထိုးတာပေ့ါနော်။ တိုက်ပွဲဖြစ်နေတယ်ဆိုတာက သူတို့ရှင်းလင်းရေးလုပ်နေတဲ့သဘောပေါ့နော်။” လို့ သူက ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ လွိုင်ကော်ဒေသခံတွေကိုလည်း နေရပ်ပြန်လည် နေထိုင်ဖို့ ယခုလအတွင်းမှာ စစ်ကောင်စီဘက်က ခေါ်ဆောင်မှုတွေ မကြာခဏရှိလာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း လွိုင်ကော်မြို့ထဲမှာ ပြန်လည်နေထိုင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Most read this week

October 3, 2024
စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရေဘေးသင့်မှု ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နောက်ဆက်တွဲအနေနဲ့...
October 1, 2024
နှစ်ပေါင်း ၇၆ နှစ်ကြာ အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်လာခဲ့တဲ့ ကရင်နီပြည်တပ်မတော်...
September 30, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ အုပ်စုအတွင်းမှာနေထိုင်တဲ့ အသက် ၃၅နှစ်မှ...
September 28, 2024
ကရင်နီပြည်က စစ်ရှောင်စခန်းလေးတွေဆီကိုရောက်ရင် “အိမ်နောက်ဖေးစျေးဆိုင်တည်ပါ” ဆိုတဲ့ စကားပုံအတိုင်း...