တိုက်ပွဲဖြစ်ပွားခဲ့ရင် တိမ်းရှောင်နိုင်ဖို့အတွက် ကံပိုင်တည်မြို့ခံတချို့ တရုတ်နယ်စပ်အနီးမှာ ယာယီတဲတွေဆောက်လုပ်နေ

တိုက်ပွဲဖြစ်ပွားခဲ့ရင် တိမ်းရှောင်နိုင်ဖို့အတွက် ကံပိုင်တည်မြို့ခံတချို့ တရုတ်နယ်စပ်အနီးမှာ ယာယီတဲတွေဆောက်လုပ်နေ

တိုက်ပွဲဖြစ်ပွားလာခဲ့ရင် တိမ်းရှောင်နိုင်ဖို့အတွက် ကံပိုင်တည်မြို့က ဒေသခံအချို့ဟာ တရုတ်နယ်စပ်အနီးမှာ ကြိုတင်နေရာယူပြီး ယာယီတဲတွေ ဆောက်ထားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်တလောမှာတော့ ဝိုင်းမော်- ဆဒုံး - ကံပိုင်တည် လမ်းပေါ်မှာ KIA ကနေ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာဖြစ်ပြီး ကံပိုက်တည်မြို့ဘက်အထိ တိုက်ပွဲဖြစ်ပွားလာမှာ စိုးရိမ်တာကြောင့် တရုတ်နယ်စပ်နေရာအနီးမှာ ယာယီတဲတွေဆောက်ပြီး ကြိုတင်ပြင်ဆင်နေကြတာဖြစ်တယ်လို့ ကံပိုင်တည်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“တရုတ်မှတ်တိုင်နယ်စပ် တစ်လျှောက်မှာ ယာယီတဲလာဆောက်ထားကြတယ်။ ယာယီနေရာယူထားကြတာပေါ့။ “လို့အထက်ပါ ဒေသခံက ပြောပါတယ်။

ကံပိုင်တည်မြို့က တာဝန်ရှိလူကြီးတွေက တိမ်းရှောင်ရမယ်လို့  သတင်းထုတ်ပြန်တာတွေတော့ မရှိပေမဲ့ ဒေသခံတွေအနေနဲ့ စိုးရိမ်တာကြောင့် ကြိုတင်ပြင်ဆင်နေကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အရင်တုန်းက တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်ရင် တရုတ်-မြန်မာအစပ်က ချစ်ကြည်ရေးလှိုင်ဂူမှာ သွားရောက်ခိုလှုံတာတွေ ရှိခဲ့ပေမဲ့ အခုအဲဒီလိုင်ဂူမှာ တရုတ်ဘက်က လာရောက်ခိုလုံခွင့်မပြုဘူးလို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဝိုင်းမော်-ဆဒုံး-လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မနေ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ချီဖွေ လမ်းခွဲ စုပေါင်းဂိတ်ဖြစ်တဲ့ ၁၃ ကီလို တပ်စခန်းအပြင် အဲဒီတပ်စခန်းကနေ အထက်ဘက် ဆဒုံးသွားလမ်းက ပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းစခန်းချထားတဲ့ ဘွမ်တောင်တပ်စခန်းတို့ကို သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကံပိုင်တည်မြို့ဟာ ဆဒုံးမြို့ရဲ့ အထက်မှာတည်ရှိတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တစ်မြို့(ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်း) ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၈၆၀၀ လောက်နေထိုင်ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့တွေ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊နယ်ခြားစောင့်တပ်တွေနဲ့ မိသားစုဝင်တွေ အများပိုင်းနေထိုင်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ဒုတိယအပတ်မှာလည်း ကချင်ပြည်နယ်အတွင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့တစ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က  သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

လက်ရှိအချိန် KIA ရဲ့ ထိုးစစ်တွေကလည်း ဝိုင်းမော်- ကံပိုင်တည် လမ်းကြောဘက်ကို ဦးတည်နေတာကြောင့် ကံပိုက်တည်မြို့ကို သိမ်းပိုက်ရရှိခဲ့ရင် ကချင်ပြည်နယ်မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုစလုံးကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။

တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...
November 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ရှောင်ကလေးအယောက်...