စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးအချို့ ပြည်သူများအပေါ် အာဏာပါဝါပြနေဟု ဆို

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးအချို့ ပြည်သူများအပေါ် အာဏာပါဝါပြနေဟု ဆို

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ တာဝန်ပေးခန့်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေး မှုးအချို့သည် ဒေသခံပြည်သူများအပေါ် အာဏာပါဝါပြနေကြောင်း ဒေသခံများထံမှ သိရသည်။

ပေါင်မြို့နယ်နှင့် ရေးမြို့နယ်များတွင်ရှိသည့် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှုးအချို့သည် အုပ်ချုပ်ရေးမှုး ရာထူးအရှိန်အဝါဖြင့် ဒေသခံပြည်သူများအား အာဏာပါဝါပြခြင်းနှင့် အကျိုး အမြတ်များ ရယူခြင်း၊ လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုလုပ်ခြင်းများအပြင် စစ်ကောင်စီ၏ သတင်းပေးအဖြစ်လည်း ဆောင်ရွက်ပေးနေကြသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှုးတစ်ဦးသည် ဒေသခံပြည်သူများ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးဆိုင်များကို ဖယ်ရှားကာ ဆိုင်ခန်းအသစ်ဆောက်လုပ်ပြီး ၃ ပေခန့် ဆိုင်ခန်းတစ်ခန်းကို တစ်လလျှင် ကျပ်နှစ်သိန်းဖြင့် အတင်းအကြပ် ဝယ်ယူငှားရမ်းစေခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အစကတည်းက ဈေးရှိနေတာပဲ သူမယူဘူး၊ သူအသစ်ဆောက်ထားတဲ့ ဈေးဆိုင်မှာပဲ ပေး ရောင်းခိုင်းတယ်။ မယူမနေရပေါ့၊ ဘယ်လိုရောင်းရမလဲ တစ်ခန်းမှာ ၃ ပေပဲရှိတယ်၊ ဘယ်သူမှ သူ့ကိုမပြောရဲတာ၊ ရွာခံတွေရဲ့ ဈေးဆိုင်တွေကို ရိုက်ချိုးပစ်တယ်။ သူ့အာဏာကို ဘယ်သူမှ မလွန်ဆန်ရဲကြဘူးလေး” ဟု ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှုးဖြစ်သူကို ကျေးရွာရှိ ဒေသခံပြည်သူများက ကြိုက်နှစ်သက်ခြင်း မရှိကြသော်လည်း စစ်ကောင်စီမှ တိုက်ရိုက် ခန့်အပ်ထားသည့်အတွက် မပြောရဲဘဲ နှုတ်ဆိတ်နေကြခြင်းဖြစ်သည်ဟု အထက်ပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ထို့အပြင် ပေါင်မြို့နယ်၊ မြလေးချောင်း၊ သဲကုန်း၊ သပြေကုန်းစသည့်ကျေးရွာများတွင်လည်း လယ်ယာမြေများကို အကွက်ရိုက်ရောင်းချရာ၌ ငွေကြေးများ ကောက်ယူခြင်း၊ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါကလည်း ဒဏ်ငွေရိုက်ခြင်းတို့ကို အုပ်ချုပ်ရေးမှုးဖြစ်သူတို့က ပြုလုပ်နေကြကြောင်း သိရသည်။

“အခု လယ်မြေရောင်းဝယ်ရေး များလာတယ်၊ လယ်မြေကို အကွက်ချပြီး ရောင်းမယ်ဆိုရင် ရောင်းတဲ့သူကလည်း ငွေပေးရတယ်၊ ပြီးတော့ လာဝယ်တဲ့သူကို စာချုပ်ချုပ်ပေးတဲ့အခါမှာ တစ်ကွက်ကို ၂ သိန်းကနေ ၄ သိန်းအထိ တောင်းတာရှိတယ်၊ အဲဒီလို လုပ်စားနေကြတာရှိတယ်” ဟု ပေါင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ မဖြစ်မနေ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း မွန်ပြည်နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှုးအချို့ ရာထူးမှ ရပ်နားကြသူများရှိသလို အစားထိုးခန့်အပ်ခြင်းခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှုးအချို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် နီးကပ်စွာ ပူးပေါင်းပြီး မိမိ၏ ဒေသခံပြည်သူများအပေါ် အာဏာပါဝါပြနေကြခြင်းသည်။  

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ  စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှုးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီအတွက် သတင်းပေးပြုလုပ်နေကြသူများ ပစ်ခတ်ခံရသည့် ဖြစ်စဉ်များစွာရှိခဲ့ပြီး ထိခိုက်၊ သေဆုံးသူများလည်း ရှိခဲ့သည်ဟု သိရသည်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် DKBA အဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့်...
October 3, 2024
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီက လုံခြုံရေးအင်အားဖြင့် လူဦးရေနှင့်...
October 1, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌ကောက်ယူရာတွင် ပါဝင်ကူညီသူများကို...
September 30, 2024
မွန်ပြည်နယ် ရေးမြို့  အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF...