စက်သုံးဆီသယ်ယူနေတဲ့ ရှိန်းခေါင်လမ်း စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ် ၂ ခုမှာ ဂိတ်ကြေးအလွန်များတာကြောင့် ဆီစျေးမြင့်တက်နေဆဲ

စက်သုံးဆီသယ်ယူနေတဲ့ ရှိန်းခေါင်လမ်း စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ် ၂ ခုမှာ ဂိတ်ကြေးအလွန်များတာကြောင့် ဆီစျေးမြင့်တက်နေဆဲ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွက် တရုတ်ပြည်နယ်စပ် ရှိန်းခေါင်လမ်းကြောင်းကနေ ဓာတ်ဆီတွေသယ်ယူလို့ရနေပြီဖြစ်‌ပေမယ့် စစ်ကောင်စီနဲ့ပြည်သူ့စစ်ဂိတ်မှာ အခွန်ကောက်ခံနေတာကြောင့် ဓာတ်ဆီစျေးတွေဆက်လက်မြင့်တက်နေတယ်လို့သိရပါတယ်။

ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာကြောင့် ပြတ်လပ်နေတဲ့ ဓာတ်ဆီတစ်မျိုးထဲကို ပြီးခဲ့တဲ့အပတ်ကတည်းက တရုတ်ပြည်ထဲကနေ ရှိန်းခေါင်နယ်စပ် လမ်းကြောင်းအတိုင်း သယ်ယူနိုင်ပေမယ့် စစ်တပ်နဲ့ ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်တွေထိုင်ထားတဲ့ ရီဒမ်းကြိုးတံတားဂိတ်နဲ့ မဂွေဇဂိတ်နေရာတွေမှာ အခွန်ကောက်များတာကြောင့် ဆီစျေးတွေဆက်ပြီးမြင့်တက်နေတယ်လို့ ပူတာအိုမြို့လေယာဥ်ကွင်းရပ်ကွက်နေ အသက် ၄၂ နှစ်အရွယ်အမျိုးသားတစ်ဦးက  KNGကိုပြောပါတယ်။

“ဓာတ်ဆီကတော့အဝင်ရှိပါတယ် ရှိန်းခေါင်ဘက်ကနေဝင်လာတာ ဒါပေမယ့် မဂွေဇဂိတ်နဲ့ရီဒမ်းဂိတ်ကနေ ရဝမ်ကောင်တွေ(ရဝမ်ပြည်သူ့စစ်)နဲ့စစ်သားတွေကပေါင်းပြီးကောက်စားနေတာ အဲ့ကြောင့် တစ်ပုလင်းနှစ်သောင်းလောက်နဲ့ရောင်းရမယ့်ဟာ အခုတစ်ပုလင်းကို ၆၀၀၀၀ ရောင်းနေတာ ဘာမှမထူးဘူး”လို့သူကပြောပါတယ်။

ပူတာအိုဒေသမှာ ဓါတ်ဆီစျေးနှုန်း ပုံးဝါတစ်ပုံးကို လက်ရှိပေါက်စျေး ၈ သိန်းဝန်းကျင်လောက်ရှိပြီး အခွန်ကောက်ခံတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ် ၂ နေရာမှာ ဆီပုံးဝါတစ်ပုံးကို ၃ သိန်းအထိ ကောက်ခံနေတယ်လို့ဆိုပါတယ်။

ပူတာအိုဒေသအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို တရုတ်ပြည််နယ်စပ် အမှတ် (၃၁) ရှိန်းခေါင်ရွာလမ်းကြောင်းကနေ ညီဝါးကျေးရွာ အထိဆိုင်ကယ်နဲ့သယ်ယူပြီးတော့ ညီဝါးကျေးရွာကနေနောင်မွန်အထိ လားနဲ့သယ်ယူကာ နောင်မွန်ကနေ ပူတာအိုမြို့အထိဆိုင်ကယ်၊ကားတွေနဲ့သယ်ယူနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“တကယ်လို့ဂိတ်တွေမရှိရင်တော့ လားတင်ခနဲ့ ဆိုင်ကယ်၊ကားခတွေနှုတ်လိုက်ရင် ပူတာအိုမြို့ထဲအရောက် တစ်ပုလင်း ၂ သောင်း လောက်က အေးဆေးရောင်းလို့ရတယ် ဒါပေမယ့်အခုက ပုံးဝါတစ်ပုံးကို သိန်းငွေကောက်တယ်တဲ့ တချို့ကပုံးဝါ သုံးပုံးပါလာရင် တစ်ပုံးသိမ်းလိုက်တယ် အဲ့လိုမျိုးဘယ်လောက်ဆိုတာပုံသေတော့မကောက်ဘူးတဲ့ ကောက်ချင်သလိုကောက်နေတာ အဲ့ကြောင်းဒီအရောက် ၅ သောင်း ၆ သောင်းမှမရရင်လည်းမကိုက်တော့ဘူး”လို့ လက်ရှိဆီအရောင်းအဝယ်လုပ်နေတဲ့ပူတာအိုမြို့ခံအခြားအမျိူးသားတစ်ဦးကပြောပါတယ်။

ရီဒမ်းကြိုးတံတားဂိတ်ဟာ ရှိန်းခေါင်နဲ့ နောင်မွန်ကြားမှာရှိတာဖြစ်ပြီး ကဆန်ချောင်းကူးတံတားဂိတ်ဖြစ်တဲ့ မဂွေဇကြိုးတံတားဂိတ်ဟာ ပူတာအိုမြို့နဲ့နောင်မွန်မြို့ကြားမှာရှိတာဖြစ်ပါတယ်။

တဖက်မှာ မြစ်ကြီးနား – ပူတာအို ကားလမ်းကြောင်းကို ပိတ်ဆို့ထားပေမယ့် လက်ရှိ ငွေကြေးကောက်ခံနေတဲ့ ရီဒမ်းဂိတ်နဲ့ မဂွေဇ စစ်တပ်ဂိတ်တွေမရှိရင် ပြည်သူလိုအပ်နေတဲ့ စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေကို သက်သာတဲ့စျေးနှုန်းတွေနဲ့ ဝယ်ယူစားသုံးနိုင်မှာဖြစ်တယ်လို့ ပူတာအို လေယာဉ်ကွင်းရပ်ကွက်နေ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

“အဲ့ဒီဂိတ်နှစ်ဂိတ်စလုံးမဟုတ်ရင်တောင် ပူတာအိုမြို့နဲ့အနီးဆုံးဖြစ်တဲ့ မဂွေဇဂိတ်ကိုတော့ရှင်းသင့်တယ် မဂွေဇဂိတ်က ပူတာအိုနဲ့ မိုင် ၅၀ ကျော်ပဲဝေးတာ တစ်ရက်ခရီးပဲ အဲ့တာတွေမရှိရင်တော့အခုလောက်မခက်ခဲဘူး အေးဆေးသယ်ယူလို့ရတယ်”လို့ ပြောပါတယ်။

မဂွေဇဂိတ်မှာရှိတဲ့ စစ်တပ်ဂိတ်မှာက နောင်မွန်မြို့တွင်းတပ်နဲ့ ရဝမ်ပြည်သူ့စစ် နှစ်ခုပေါင်းပြီး အင်အား ၁၅ ဦးဝန်းကျင်နဲ့ လာရောက်တပ်ချထားတာဖြစ်ပြီး ရီဒမ်းကြိုးတံတားဂိတ်မှာကတော့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်သား အင်အား ၁၀ ဦးကြားမှာ အမြဲရှိတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကပြောပါတယ်။

ပူတာအိုဒေသမှာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့လောက်ကနေ ဆွမ်ပရာဘွမ့်မြို့နယ်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းကို ပိတ်ဆို့ထားတာ ၃ လဝန်းကျင်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒါကြောင့် ပူတာအိုဒေသမှာ စက်သုံးဆီအပြင် စားသောက်ကုန်တွေ ပြတ်လပ်သွားပြီး ဒေသခံပြည်သူတွေအခက်အခဲကြပ်တည်းမှုဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...