ထားဝယ်မြို့အဝင် မူလတန်းကျောင်း ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရ

ထားဝယ်မြို့အဝင် မူလတန်းကျောင်း ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းမှာ ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်သူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စာသင်ကျောင်း ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ အိမ်ရှေ့ပြင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားထားတာပါ။

စာသင်ကျောင်းအတွင်း ပေါက်ကွဲမှုဟာ ဒီနေ့ ဇွန် ၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ ကလေးတွေ နေ့လယ်ထမင်းစား ကျောင်းဆင်းချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

အဲဒီပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အခင်းဖြစ်ရာ နေရာမှာတင် သေဆုံးခဲ့ပြီး ခြေထောက်ပြတ်တောက်ဒဏ်ရာရသူတွေအပါအဝင် ဒဏ်ရာရတဲ့ ကလေးငယ် ၂၀ နီးပါးရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကျွန်တော် သိရလောက်က ကလေးငယ်တွေ ကျောင်းဆင်းချိန်မှာ ပေါက်ကွဲမှုဖြစ်တာ၊ သေဆုံးသွားတဲ့ ကလေးငယ်တစ်ယောက်က လက်နက်ကြီးလားဗုံးကိုလား ကစားရင်းနဲ့ သွားထုတ်လိုက်တာ။ အဲဒီမှာ ပေါက်ကွဲသွားတာ။ အသေးစိတ်တော့ မသိရသေးဘူး”လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကလေးတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ထားဝယ် စစ်ဆေးရုံထံ ပို့ဆောင်ထားပြီး စာသင်ကျောင်းကို ယာယီပိတ်ထားလိုက်ပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တဲ့ စာသင်ကျောင်းဝန်းကျင်လမ်းတွေကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဒီပေါက်ကွဲမှုဟာ နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း ဒါမှမဟုတ် စစ်ကောင်စီတပ် ပစ်ခတ်မှုမှာ ကျန်ရှိခဲ့တဲ့ လက်နက်ကြီး ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စာသင်ကျောင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို လက်ရှိအချိန်အထိ စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

နိုင်ငံတဝန်းက စာသင်းကျောင်းတွေကို ဇွန် ၃ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဒီပေါက်ကွဲမှုဟာ အခုပညာသင်နှစ်အတွင်း ပထမဆုံး စာသင်ကျောင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Most read this week

October 4, 2024
သန်းခေါင်စာရင်းကောက်ယူနေတဲ့ကာလအတွင်း မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီက...
October 4, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်ပြီးနောက် ပြန်လည်လွတ်...
October 3, 2024
နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌...
October 2, 2024
မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင်...