ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်

ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်

တနိုင်းသွားလီလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာမှာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလာတော့မယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူအများအပိုင်းက လုံခြုံရေးအတွက် စိုးရိမ်ပြီးကြိုတင်ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။

ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ စတဲ့ ကျေးရွာနေပြည်သူတွေကြားမှာ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ယာယီတိမ်းရှောင်နေရာတွေပြင်ဆင်ထားကြဖို့ မေလကုန်ပိုင်းလောက်ကနေ သတင်းထွက်ပေါ်နေတာကြောင့် ပြည်သူတစ်ချို့ရွှေ့ပြောင်းနေသူတွေရှိနေတယ်လို့ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“နမ့်ဗျူ(နမ့်ခမ်) ဘက်က စစ်ကောင်စီတပ်စခန်းတွေကို KIA တပ်တွေ သွားရောက်သိမ်းပိုက်ခဲ့တာတွေရှိနေတာကြောင့် အဲဒီနေရာဘက်ပြီးရင် ဒီဘက် လီဒိုလမ်းဘက်ကို ပြန်ဖြစ်လာမယ်လို့ ပြောဆိုနေကြတာ။ အဲဒါကြောင့် ဒီဘက်မှာလည်း ဖြစ်လာမှာစိုးလို့ ကြောက်တဲ့သူတွေ ထွက်ပြေးရွှေ့ပြောင်းနေကြတယ်။ ဒါပေမယ့် အခုချိန်အထိတော့ အေးဆေးရှိပါတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ နဲ့ ဧပြီလအတွင်းမှာ KIA တပ်မဟာ(၂) နဲ့ တပ်ရင်း နယ်မြေ ၁၄ နေရာမှာရှိတဲ့ နမ်ဗျူ(နမ့်ခမ်)၊ လပူမှော်အနီးရှိ နွယ်ဂျယ်ဘွမ့်၊ နမ်ကောန့် စတဲ့တပ်စခန်းတွေကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် တိုက်ပွဲမျက်နှာပြင်က ရှဒူးဇွပ် ခမရ ၂၉၇ တပ်ရင်းနဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေရှိနေတဲ့ နေရာဘက်ကို ဦးတည်လာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာစိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ရှဒူးဇွပ်ကျေးရွာအတွင်းမှာ လာရောက်နေထိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့နဲ့ စျေးသည်အများပိုင်းက ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ဆိုင်တွေပိတ်ထားပြီး မြို့ပေါ်ဘက်ကို သွားရောက်ရွှေ့ပြောင်းနေထိုင်ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေလည်း ကတုတ်ကျင်းတူးဖော်တာတွေ၊ ယာယီပုန်းရှောင်ကြမယ့် စစ်ရှောင်နေရာတွေကို သတ်မှတ်ထားပြီး တစ်ချို့က မြို့ပေါ်နဲ့ နီးတဲ့ ဆွေမျိုးအိမ်တွေမှာ သွားရောက်ရွှေ့ပြောင်းနေထိုင်ကြပြီလို့သိရပါတယ်။

အခုလို ရွှေ့ပြောင်းနေထိုင်သွားကြတာနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးပြောတာကတော့  လက်ရှိ ကချင်ပြည်နယ်အတွင်း ဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီးဖြစ်ပွားနေတဲ့အလျောက် ရှဒူးဇွပ်ကျေးရွာနဲစံပြရွာမှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ အခြေအနေကြောင့်ရွှေ့ပြောင်းနေထိုင်ကြတာဖြစ်တယ်လို့ ရှဒူးဇွပ်ဝါရာဇွပ်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“ရှဒူးဇွပ်မှာက စစ်တပ်ရှိတာဖြစ်တဲ့အတွက် ကြောက်ပြီးတော့ ရှောင်နေကြတယ်လို့ပဲမြင်ပါတယ်။ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရှောင်ကြတဲ့သဘောလည်းဟုတ်တယ်။ မနှစ်တုန်းကလည်း ရွာထဲမှာ ပုံမှန်ဖြစ်တော့ ပြန်ဖြစ်လာမှာကို ကြောက်နေကြတာ။ အခုလည်း တခြားနေရာတွေမှာက ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ ဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီးတွေးပူနေကြတာ”လို့ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဘက်ကလည်း ယာယီတိမ်းရှောင်နေထိုင်ထားကြဖို့ဒေသခံပြည်သူတွေကြားမှာ ပြောဆိုချက်တွေရှိနေပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြည်သူတွေ ရွှေ့ပြောင်းနေထိုင်တာတွေ ရှိလာတာကြောင့် ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ မင်းဇေသန့်က KIA ဘက်ကနေ တိုက်ပွဲဖော်ဆောင်လာရင် ဗုံးကြဲတိုက်ခိုက်သွားမယ်လို့ ပြောဆိုနေတာတွေရှိနေတယ်လို့လည်း ရှဒူးဇွပ်ဒေသခံတွေပြောပြပါတယ်။

ဒါ့အပြင် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကတွေက ရှဒူးဇွပ်ကျေးရွာအတွင်း KIA ဘက်က ဝင်ရောက်လာလို့မရအောင် ကျေးရွာပတ်ပတ်လည်လည် ဒရုန်းပျံဝဲစောင့်ကြည့်ခြင်း၊ ညအချိန် တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်း စစ်ဆေးမေးမြန်းတာတွေနဲ့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လ ၈ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက ရှဒူးဇွပ်ဒေသမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တပ်စခန်း ၄ နေရာလောက်ကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...