ရွှေကုက္ကိုလ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများ ထပ်မံဖြတ်တောက်ခံရ

ရွှေကုက္ကိုလ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများ ထပ်မံဖြတ်တောက်ခံရ

ကရင်ပြည်နယ်၊မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ဆက်သွယ်ရေးလိုင်းများနှင့် အင်တာနက်လိုင်း များကို ထိုင်းနိုင်ငံဘက်မှ ထပ်မံဖြတ်တောက်လိုက်ကြောင်း မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှစတင်ကာ ထိုင်း−မြန်မာနယ်စပ်တလျှောက်ရှိ အွန်လိုင်းလောင်း ကစား လုပ်ငန်းနှင့် ကာစီနိုရုံများအများဆုံးရှိသည့် ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်စသည့် နေရာများကို ထိုင်းနိုင်ငံ ဘက်ခြမ်းမှ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်လိုက်ရာမှ ပြီးခဲ့သည့် မတ်လတွင် ဆက်သွယ်ရေးလိုင်းများ ပြန်လည်ရရှိခဲ့ပြီးနောက် ယခုဒုတိယအကြိမ်ထပ်မံဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း ရွှေကုက္ကိုလ်မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “အရင်မတ်လလောက်က ဖုန်းလိုင်းပြန်သုံးလို့ ရသေးတယ်။ အခုဆိုထိုင်းဆင်းမ်ကဒ်တွေ လိုင်းတွေက လုံးဝ သုံးမရတော့ဘူး။ ဟိုဘက်ကမ်းက ထိုင်းအာဏာပိုင်တွေ လိုင်းကြိုးတွေကို ဖြတ်လိုက်တယ်။ သုံးမရတော့ မြန်မာပြည် Mytel Wifi နဲ့သုံးရတယ်။ မြန်မာဆင်းမ်ကဒ်တွေရော လိုင်းကျနေတယ်။ စာပို့ရင် ဓာတ်ပုံ တစ်ခါတစ်ခါကြည့်မို့ တော်တော် စောင့်နေရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

လတ်တလောတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းသည် မြဝတီမြို့နယ်စပ်ဘက်ခြမ်းနှင့် ရွှေကုက္ကိုလ်မြို့အပြင်ဘက်ကို ၂ ခြမ်းခွဲ၍ လုပ်ငန်းများလုပ်ကိုင်နေရာမှ လက်ရှိတွင် ရွှေကုက္ကိုလ်မြို့ထဲသို့ လုပ်ငန်းပြန်လည်ပြောင်းရွှေ့လာပြီး ကာစီနိုအဆောက်အဦးများလည်း ထပ်မံဆောက်လုပ်နေလျက်ရှိကြောင်း အွန်လိုင်း လောင်းကစား လုပ်ငန်းနှင့်နီးစပ်သူများက ပြောသည်။

၎င်းအပြင် မြဝတီမြို့အနီးအနားတစ်ဝိုက်ရှိ ကာစီနိုလုပ်ငန်းများရှိရာ မင်းလက်ပံ၊ ရွှေကုက္ကိုလ်၊ အင်းကြင်းမြိုင် စသည့် နေရာများကို လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) သည် (Sola) ဆိုလာ နှင့် မီးစက်များကိုအသုံးပြုလည်ပတ်နေပြီး လျှပ်စစ်မီးဖြတ်တောက်မှုကြောင့် ဒေသခံပြည် သူလူထုများပင်သာ ခက်ခဲမှုများရှိလာသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN အဖွဲ့မှ ပြောခွင့်ရသူ စောလေးကပေါ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ကေအိုင်စီသို့ ထောက်ပြပြောဆိုခဲ့သေးသည်။

ထိုသို့ ရွှေကုက္ကိုလ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေမှုအပြင် ဆက်သွယ်ရေးလိုင်းပါ ဖြတ်တောက်ခံ ထားရ ခြင်းကြောင့် ဒေသအတွင်း လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများအပေါ် ထိခိုက်မှုများရှိလာသည်ဟု အမည် မဖော်လိုသူ အွန်လိုင်းလုပ်ငန်းအလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

“မီးမရတုန်းက မီးစက်တွေ ဆိုလာတွေဝယ်သုံးတော့ လုပ်ငန်းကဘာမှသိပ်မဖြစ်သေးဘူး။ အခုငါတို့ကို ပေးထားတဲ့ နိုင်ငံခြားဆင်းမ်ကဒ်တွေကလည်း လိုင်းမကောင်းတော့ဘူး။ အရင်လတွေက လူ ၁၀ ယောက်လောက်ရရင်အခုက ၅ ယောက် လောက်ပဲရတော့တယ်။ သူဌေးကတော့ Wifi စက်တွေမှာ ထားတယ်။ တချို့အလုပ်သမားတွေတော့ အလုပ်ဖြုတ်ခံရတာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တရုတ်ဂိုဏ်း၏ ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ၃ ဦးမှ အဓိက ပါဝင်ပတ်သက်နေကြောင်းလည်း United States Institute of Peace (USIP)အဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...